Subscribe:

Sunday 21 October 2012

“တရားလည်း သိမှ…၊ တရားလည်း ရှိမှ"


တရားဆိုတာ သိရုံ တတ်ရုံနှင့် ကိစ္စမပြီးပါဘူး။ သိပြီးတဲ့ တရားကို မိမိသန္တာန်မှာ ရှိအောင် ကြိုးစား ကျင့်ပေးရပါမယ်။ ဒါမှသာ တရားသိတဲ့သူ ဖြစ်မယ်။ တရားရှိမှသာ တရားချမ်းသာများကို ခံစားနိုင်မယ်။
တရားကျင့်သူ၊ တရားရှိတဲ့သူဟာ မျက်မှောက် တမလွန် နှစ်ဘဝလုံးမှာ ချမ်းသာစွာ
နေထိုင်ရတဲ့အကြောင်း ဓမ္မပဒပါဠိတော်မှာ “ဓမ္မစာရီ သုခံ သေတိ အသ္မိံလောကေ
ပရမှိစ”လို့ ဟောထားပါတယ်။
“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဘုရားရှိခိုးကို လူတိုင်း ရနေကြပါတယ်။ ရထားရုံနဲ့ မပြီးပါ။ အဲဒီဘုရားရှိခိုးကို အကြိမ်ကြိမ် ရွတ်ဆို ရှိခိုးနေရပါမယ်။ ရှိခိုးနေရင် မိမိမှာ
ဘုရားရှိခိုးတဲ့ ကုသိုလ်တရားရှိနေတယ်လို့ ဆိုရပါတယ်။
ဘုရားရှင် ရွှေလက်ထက်တော်အခါက ဓနဉ္စာနီအမည်ရှိတဲ့ အမျိုးသမီးလေးဟာ “နမော တဿ” ကို အမြဲ ရွတ်ဆို ရှိခိုးနေလေ့ရှိခဲ့ပါတယ်။

အဲဒီတော့ သူ့သန္တာန်မှာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ ကိန်းဝပ်နေတော့တာပေါ့။
အဲဒီလို ဘုရားအာရုံနဲ့ နေရင် ဘေးဥပါဒ် အန္တရာယ်တွေ ကင်းတယ်။ သေရင်လည်း
ဘဝကောင်းမှာ ဖြစ်ရပါတယ်။ အရိယာ မဖြစ်တောင်မှ အရိယာပုဂ္ဂိုလ်များလို နေခြင်း
ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာအများစုဟာ တရားသိသူတွေ အတော် များကြပါတယ်။
တရားအသိကတော့ အဆင့် မနိမ့်ကြပါ။
သို့သော် တရားရှိသူတွေကိုတော့ လက်ချိုး ရေတွက်ရမလို ဖြစ်နေတယ်။
ငါးပါးသီလမြဲဖို့ ဗုဒ္ဓဘာသာတိုင်း သိကြပါတယ်။
ဒါပေမယ့် ငါးပါးသီလလုံသူ အရေအတွက် မည်မျှများသည်ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။
ငါးပါးသီလဟာ လူတို့ရဲ့ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရားပါ။
သဘာဝတရား – ယူနီဗာဆယ်လော ဖြစ်တဲ့အတွက် ဖောက်ဖျက်ရင် မိမိလည်း ဆင်းရဲမယ်။ မိမိပတ်ဝန်းကျင်လည်း ဆင်းရဲမှာပါပဲ။
ငါးပါးသီလကို ဖောက်ဖျက်သူတွေ များတဲ့ အရပ်ဒေသမှာ ငြိမ်းချမ်းသာယာမှု မရနိုင်ပါ။
လူတွေဟာ ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်ကြရပါတယ်။
ငါးပါးသီလ ပျက်တဲ့ နိုင်ငံအစိုးရများအောက်မှာ နေထိုင်ကြရတဲ့ တိုင်းသူပြည်သားတွေလည်း ဆင်းဆင်းရဲရဲ နေထိုင်ကြရပါတယ်။
အစိုးရဝန်ထမ်းများရဲ့ အဒိန္နာဒါန သီလပျက်မှုဟာ တိုင်းပြည်ဆင်းရဲခြင်းရဲ့ အဓိကအကြောင်းတစ်ခု ဖြစ်ပါတယ်။
လာဘ်စားတဲ့ အစိုးရအမှုထမ်းများဟာ ပြည်သူများထံမှ အခွန်ဘဏ္ဍာငွေများကို မတရား ကောက်ခံကြပြီး မိမိတို့အိတ်ထဲ ထည့်ကြတယ်။
တိုင်းပြည်ဘဏ္ဍာငွေကို နည်းမျိုးစုံဖြင့် ခိုးဝှက်ကြသောကြောင့် တိုင်းပြည် ဆင်းရဲလာတော့တယ်။
တိုင်းပြည်ဘဏ္ဍာငွေ မရှိသောကြောင့် တိုင်းပြည်မှာ အဓိကလိုအပ်တဲ့
လမ်းပန်းဆက်သွယ်ရေးတွေကို ကောင်းကောင်း မလုပ်နိုင်ပါ။ ရေ,မီးလည်း မှန်မှန်
ရအောင် မဆောင်ရွက်နိုင်လို့ ပြည်သူပြည်သားတွေ ဆင်းဆင်းရဲရဲ
နေထိုင်ကြရပါတယ်။
ဒီသီလပျက်စီးနေသမျှ ကာလပတ်လုံး ပြည်သူပြည်သားတွေဟာ လူ့အဆင့်အတန်းမီမီ နေနိုင်တဲ့ ဘဝမျိုးရောက်ဖို့ ဝေးလှပါတယ်။
ဒါကြောင့် တရားသိရုံနဲ့ မပြီးပါ။ တရားရှိမှသာ အများသူငါ ချမ်းသာစွာ နေနိုင်ကြမှာ ဖြစ်ပါတယ်။
ငါးပါးသီလရှိဖို့အတွက် ကိုယ်ချင်းစာတရား များများ ထားရပါမယ်။
ကိုယ်ချင်းစာတရား လက်ကိုင်ထားရင် သီလတွေ လုံပါတယ်။
ကိုယ်ချင်းစာစိတ်ထားပုံကတော့ “ငါ့အသက် ညှင်းဆဲ သတ်ဖြတ်ခံရသူကို
ငါမကြိုက်သလို အခြားသတ္တဝါများလည်း သူတို့အသက် သတ်ဖြတ် ညှင်းဆဲသူများကို
မကြိုက်ကြ။ ဒါကြောင့် သတ္တဝါအသက် သတ်ဖြတ် ညှင်းဆဲမှုကို ငါမပြုသင့်”လို့
ကိုယ်ချင်းစာစိတ် ထားလိုက်ရင် သီလလုံသွားပါတယ်။
ဒီနည်းအတိုင်း သူတပါးပစ္စည်း မတရားယူရာမှာလည်း ကိုယ်ချင်းစာစိတ် မွေးရပါမယ်။
သူ့မယားပြစ်မှား ကျူးလွန်မှုမှာလည်း ကိုယ်ချင်းစာစိတ်ထားပြီး ရှောင်ပါ။
သူတပါးအကျိုးပျက်အောင် လိမ်ညာ ပြောဆိုမှုမှာလည်း ကိုယ်ချင်းစာစိတ်နဲ့ ထိန်းပြီး လိမ်ညာ မပြောပါနဲ့။
အရက်သေစာ သောက်စားမှု အလွန်အကျူး ပြုလာရင် သီလတွေ ပျက်၊
ကိုယ်ချင်းစာနာစိတ်တွေ ကင်းမဲ့ခြင်းအကြောင်း ဖြစ်သောကြောင့် အရက်သေစာ
မူးယစ်ဆေးဝါးသုံးမှုတွေကိုလည်း ရှောင်ရမှာ ဖြစ်ပါတယ်။
ဒီလို ကြိုးစား ကျင့်ရင် တဖြည်းဖြည်းနဲ့ သီလတရားရှိသူ ဖြစ်လာနိုင်ပါတယ်။
သီလတော သုခိတာ = သီလသည် ချမ်းသာကြောင်း အကျင့်ကောင်း ဖြစ်၏။
ဒါနကုသိုလ်လည်း ရှိအောင် ကြိုးစားကြရပါမယ်။
“ဒါနတော ဘောဂဝါ”ဆိုတဲ့အတိုင်း ဒါနတရားသည် မျက်မှောက် တမလွန် နှစ်ဘဝလုံးမှာ ကြီးပွားချမ်းသာကြောင်း ကုသိုလ်လို့ ဘုရားဟောတော်မူပါတယ်။
ပေးကမ်းစွန့်ကြဲရတာ ပေးသူရော ခံယူသူပါ စိတ်ပျော်ရွှင်စေပါတယ်။
စေတနာသန့်သန့်ဖြင့် လှူဒါန်း ပေးကမ်းခြင်း အမှုသည် မပေးလိုတဲ့ မစ္ဆေရစိတ် ကင်းစေပါတယ်။
အဲဒီလို ဒါနတရားကို သိပြီးတဲ့နောက်မှာ ဒါနတရားရှိအောင် ပြုလုပ်နည်းလေးကိုလည်း ဆွေးနွေးပြလိုပါတယ်။
“အလှူရေစက် လက်နဲ့မကွာ”ဆိုတဲ့ မြန်မာစကားအတိုင်း နေ့စဉ် ဒါနပြုလို့ရပါတယ်။
ဘုရားနှင့်ပတ်သက်ပြီး နေ့စဉ် ဒါနရှိအောင် ပြုလို့ ရပါတယ်။
နံနက်တိုင်း ဘုရားသောက်တော်ရေ ဆက်ကပ် လှူဒါန်းနိုင်ပါတယ်။
ရေအလှူကို အလွယ်တကူ ပြုနိုင်ပါတယ်။ မပျင်းဖို့သာ အရေးကြီးပါတယ်။
ထို့အတူ မိမိ ဘာကိုပဲစားစား ဘုရားကို စိတ်နဲ့ လှူပြီးမှ စားရင်
(ဘုရားဆိုတဲ့ အမြတ်ဆုံးပုဂ္ဂိုလ်ကို လှူရတာဖြစ်သောကြောင့်) အမြတ်ဆုံးဒါန
ပြုရတာ ဖြစ်တယ်။
ကိုယ်ထိလက်ရောက် ပြုလုပ်နိုင်ရင်တော့ အတိုင်းထက်အလွန် ကောင်းတာပေါ့။
သံဃာတော်များအား တတ်အားသမျှ လှူဒါန်းခြင်း၊ လူပုဂ္ဂိုလ်များကို ဧည့်ခံ ကျွေးမွေးခြင်း၊ အယုတ်ဆုံး တိရစ္ဆာန်လေးများကိုပါမကျန် အခါအားလျော်စွာ အစာကျွေးခြင်းဖြင့်
ဒါနကုသိုလ်မျိုးစေ့တွေ မိမိမှာ ရှိလာပါမယ်။
ရှိလာရင် ပစ္စုပ္ပန် တမလွန် နှစ်ဘဝလုံးမှာ စီးပွားချမ်းသာတွေ ပြည့်စုံလာမှာ အမှန်ပါပဲ။
ဒါကြောင့် ဒါနကုသိုလ်ကို မိမိရောက်လေရာ အရပ်ဒေသများမှာ နည်းများမဆို ချရသွားရမှာဖြစ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။
မိမိ ဒါနမျိုးစေ့ချထားတဲ့နေရာမှာ ဘဝတစ်ခုခုဖြစ်လာခဲ့ရင် ကြီးပွားချမ်းသာပါတယ်။
နောက်တစ်ခုရှိရမယ့်တရားကတော့ ဘာဝနာကုသိုလ်ထူး ဖြစ်တယ်။
“ဣတိပိသော ဘဂဝါ”စတဲ့ ဘုရားဂုဏ်တော်တွေကို အာရုံပြု ရွတ်ဆိုပွားများကာ ဗုဒ္ဓါနုဿတိ ဘာဝနာကုသိုလ်ကို ပြုလုပ်နိုင်ပါတယ်။
ဂုဏ်တော်ပွားနည်း စာအုပ်များကို လေ့လာ ဖတ်ရှုပြီး ပွားများသင့်ပါတယ်။
ဘုရားဖက်တော့ အသက်ရှည်ဆိုတဲ့အတိုင်း အသက်ရှည် စိတ်ချမ်းသာခြင်းအကျိုး လက်ငင်း ရနိုင်ပါတယ်။
မေတ္တာဘာဝနာကုသိုလ်ကို ပွားများရင် မေတ္တာအကျိုး (၁၁)မျိုးကို ရရှိခံစားရပါတယ်။
အားလုံးသတ္တဝါတွေ ဘေးရန် ကြောင့်ကြ ဆင်းရဲ ကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပွားနိုင်ပါတယ်။
မေတ္တသုတ်ကိုလည်း အနက်အဓိပ္ပာယ်ရအောင် ကျက်မှတ်ပြီး ရွတ်ဆို ပွားများနိုင်ပါတယ်။
မေတ္တာပွားနေသူဟာ တဒင်္ဂအားဖြင့် ဒေါသစိတ်တွေ ကင်းနေလို့ စိတ်ချမ်းသာခြင်းအကျိုးကို ချက်ချင်း ခံစားနိုင်ပါတယ်။
အဓိဋ္ဌာန်ပြုပြီးလည်း မေတ္တာပွားလို့ ရပါတယ်။
နံနက် အိပ်ရာက ထတာနဲ့ “ဒီနေ့ ငါ့သန္တာန်မှာ ဒေါသစိတ်တွေ ဖြစ်ပေါ်မလာအောင် စောင့်စည်းနေမယ်”လို့ ဆောက်တည်ထားရင် မေတ္တာစိတ်တွေ အလိုလို ဖြစ်ပေါ်နေပါတယ်။
ဒေါသဖြစ်စရာ ကြုံလာရင် “ငါ ဒီနေ့ ဒေါသစိတ်တွေနဲ့ မနေဘူးလို့
အဓိဋ္ဌာန်ထားတယ်။ ဒေါသထွက်လို့ မတော်ဘူး”လို့ ဆင်ခြင်လိုက်ရင် ဒေါသစိတ်တွေ
ဆက်လက် မဖြစ်ပေါ်တော့ပါ။ အဲဒီလို ပွားများ အားထုတ်နေရင် မေတ္တာကုသိုလ်တွေ
မိမိသန္တာန်မှာ ရှိလာမှာ ဖြစ်ပါတယ်။
“ကုသိုလ်အားလုံးကို ပြုလုပ်လိုရင် သတိပဋ္ဌာန်ဘာဝနာ ပွားရမယ်”လို့ ဟောထားပါတယ်။
ဒါကြောင့် နေ့စဉ် မိနစ်ပိုင်းလောက်တော့ သတိပဋ္ဌာန်ဘာဝနာ ပွားများသင့်ပါတယ်။
မဟာစည်ရိပ်သာ၊ မိုးကုတ်ရိပ်သာ၊ စွန်းလွန်းရိပ်သာ၊
ဦးဘခင်ရိပ်သာစသည်တို့မှာ သတိပဋ္ဌာန်တရား ပွားများပုံကို သင်ယူပြီး
အားထုတ်နိုင်ပါတယ်။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ညွှန်ကြားထားတဲ့အတိုင်း “မိမိ ဝမ်းဗိုက်မှာ စိတ်ကို ထားပြီး အသက်ကို မှန်မှန် ရှူကာ ဝမ်းဗိုက် ဖောင်းမှုပိန်မှု ဤနှစ်ခုကို သတိကြပ်ကြပ်ပြုပြီး
ရှူမှတ်ကာ” သတိပဋ္ဌာန်တရားကို နေ့စဉ်မှန်မှန် ဆယ်မိနစ်ခန့် အားထုတ်ခြင်းဖြင့်
ဘာဝနာကုသိုလ်တွေ မိမိသန္တာန်မှာ ဖြစ်ပါလိမ့်မယ်။
သတိ သမာဓိကောင်းလာသည်နှင့်အမျှ စိတ်အညစ်အကြေး လောဘ ဒေါသ ကိလေသာတွေ ကင်းပြီး ကုသိုလ်တရားတွေ ဒီရေအလား တိုးပွားနေပါလိမ့်မယ်။
ကုသိုလ်တရားတွေ များလေ အကုသိုလ်တရားတွေ ပါးလေဖြစ်ကာ နိဗ္ဗာန်ရောက်ကြောင်း ပါရမီကုသိုလ်ထူးများ၏ အကျိုးများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသတည်း။
“အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကောဇညာ မရဏံ သုဝေ။
နဟိနော သင်္ဂရံတေန၊ မဟာသေနေန မစ္စုနာ။”
(မြတ်ဗုဒ္ဓ)

“Ajjeva kiccam atappam.
Ko janna maranam suve.
Na hi no sangaran tena.
Mahasenena maccuna.”
(Lord Buddha)
သုဝေ= မနက်ဖြန်အခါ၌..
ဇီဝိတံဝါ= အသက်ရှင် နေရဦးမည်ကိုလည်းကောင်း...
မရဏံဝါ= သေရဦးမည်ကိုလည်းကောင်း...
ကောဇညာ= အဘယ်သူသိနိုင်ပါအံ့နည်း...
ဣတိ= ဤသို့နှလုံးသွင်း၍...
အာတပ္ပံ= ကိလေသာတို့ကို ပူလောင်စေတတ်သော ဝိပဿနာအားထုတ်မှုကို...
အဇ္ဇေဝ= နက်ဖြန် သန်ဘက် နေ့ရက်မရွှေ့ ယနေ့ပင်လျှင်...
ကိစ္စံ= မဆိုင်းမရပ် ပြုလုပ်အပ်၏...
ဟိ= နက်ဖြန် သန်ဘက် သေမည်ရှင်မည် မသိနိုင်ခြင်းအကြောင်းကား...
မဟာသေနေန= ရေ မီး လက်နက်စသည်ဖြင့် သေစေနိုင်ကြောင်းများစွာရှိသော...
တေနမစ္စုနာ= သေမင်းဟုခေါ်သော သေခြင်းတရားနှင့်...
နော= ငါတို့အား...
သင်္ဂရံ= ရက်ချိန်းပေးထားခြင်း တံစိုးလက်ဆောင်ပေးထားခြင်း...
နအတ္ထိ= မရှိချေ...
တသ္မာ= ထို့ကြောင့်...
သုဝေ မရဏံ= မနက်ဖြန် ရှင်ဦးမည် သေဦးမည်ကို...
ကောဇညော= ဧကန်တိတိ အဘယ်သူ သိနိုင်ပါအံ့နည်း...။
(သင်တို့ အချိန်ပြည့် နှလုံးသွင်းရမည်)

The Universal Peace Buddha Temple newsletter မှဆရာတော်
“အရှင်ဣန္ဒက”..၏ စာတမ်းကိုမှီငြမ်းမျှဝေလိုက်ခြင်းဖြစ်ပါသည်။

No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *