ညက တိတ်ဆိတ်လှသည်။ နွေညမို့ထင့်။ အခန်းတွင်းဝယ် ပန်ကာ လည်သံက တ၀ီဝီ မြည်နေသည်။
တစ်ချက်တစ်ချက် ထွက်ပေါ်လာသည့် အိမ်မြှောင်
စုတ်ထိုးသံက တိတ်ဆိတ်သော ညမှာ ကျယ်လောင် နေပြန်သည်။ အောက်ဆီဂျင် ပိုက်မှ
စီးဆင်းနေသည့် လေကိုရှူကာ မိုးနှစ်ခြိုက်စွာ အိပ်မောကျ နေသည်။ မနေ့က
နေ့လယ်ခင်း ကတည်းက နာကျင်အော်ဟစ် ညည်းညူ နေရ၍ပင် ပန်းလှပြီထင့်။
အိပ်ပါစေလေ။ ဆေးအရှိန်နှင့် မိုးသက်သာစွာ အိပ်ပျော် နေမည်ဆိုလျှင် သူကျေနပ်
နေသည်။
အဲဒီလို ငြိမ်ငြိမ်သက်သက် လေးနှင့် မိုးဘ၀ကို ချုပ်ငြိမ်း
သွားစေချင်သည်။ မနက်ဖြန် ဆိုသည့် ကာလကို တွေးလျှင် သူရင်မော ရ၏။ နာကျင်စွာ
ညည်းညူ နေရမည့် မိုး၏ နိုးထချိန် များကို သူရင်မဆိုင် ရဲတော့ပေ။ ဖြူလွနေသော
အိပ်ရာပေါ်မှ ပါးလျလျ ခန္ဓာလေးက သေမင်းကို ရင်ဆိုင် အန်တု နေရ၏။ တံခေါက်ကွေး
အထိ ရှည်လျားလှသော သူ မြတ်နိုးခဲ့ရသည့် ဆံနွယ်များက ဆေးအရှိန်ကြောင့်
ကျွတ်လွန်း၍ ခေါင်းတုံး တုံးခဲ့ရပြီ။ ပြည့်တင်းဖောင်းကား နေခဲ့သော မျက်နှာ
နုနုလေးက ပိန်ချုံးကာ ဝေဒနာကြောင့် ရှုံ့တွ နေကြပြီ။ အလှတရား ဆိုတာ မိုး
တစ်ကိုယ်လုံးတွင် ရှာကြည့်၍ မရနိုင်တော့သော အရာများပင်။
သံစုံ နာရီကြီးမှ ၂ နာရီ ထိုး တီးလုံးသံ လေးက ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ အသံများ ကြောင့်ထင့်။ မိုး အိပ်ရာပေါ်မှာ လူးလွန့်လာသည်။ “သြော်- မနက်မှ သားကြီးကို အော်ဂင်သံ မမြည်အောင် နာရီထဲက ဓာတ်ခဲကို ထုတ်ထားဖို့ ပြောရဦးမယ်”
တစ်ကိုယ်တည်း စဉ်းစားမိကာ မိုးလက်ကလေး များကို ညင်သာစွာ ထိတွေ့
ကိုင်တွယ်ကြည့်တော့ ချိုင့်ဝင်နေသော မျက်ဝန်းလေးက ဖြည်းညင်းစွာ ပွင့်လာသည်။ “မိုး နေသာရဲ့လား ဟင်။ ပြန်အိပ်လိုက်နော်။ ၂ နာရီပဲ ရှိသေးတာ။ ကိုယ်ဘေးက စောင့်ပေးနေမယ် အိပ်လိုက်”
ကလေးတစ်ဦး ပမာ ယုယစွာ ပြောနေမိသည်။
“ကိုလည်း အိပ်တော့လေ။ ညဥ့်နက်လှပြီ” မိုး အသံက တိုးညင်းလှသည်။ သို့သော်
ဆိုလိုရင်းကို သူ နားလည်သည်ပင်။ နှစ်ပေါင်း ၄၀ ကျော်အောင် ပေါင်းသင်း
လာခဲ့ကြသည့် ဇနီးမောင်နှံ ပေပဲ။ နှုတ်ခမ်းအလှုပ်၊ မျက်ဝန်း အပင့်ကိုပင်
အဓိပ္ပာယ် ဖော်တတ်ခဲ့ကြ သူများပင်။ သူ ခေါင်းညိတ် ပြတော့ မိုးကျေနပ်စွာ
မျက်ခွံလေးများ ပိကျ သွားပြန်သည်။
“ဖေဖေ၊ မအိပ်သေး ဘူးလား။
သားနေ့လယ်က ပင်ပန်းလာလို့ အိပ်ပျော်သွားတာ။ အခုမှ နိုးလာတယ်။ ဖေဖေ အိပ်ရေး
ပျက်တာတွေ များနေပြီ။ သွားနားလိုက်တော့။ သား မေမေ့နားမှာ စောင့်ရင်း
အိပ်လိုက်မယ်”
သားကြီးက အိပ်ချင်စိတ်ကို အားတင်းကာ ပြောနေသော်လည်း
စကားသံ မဆုံးသေး၊ သမ်းဝေနေသည်။ ဟုတ်ပါတယ်လေ။ သူတို့လည်း မိခင် လူမမာကြောင့်
ပင်ပန်း လှပေပြီ။ “သားကြီး သွားအိပ်ပါ။ ဖေဖေ ဒီနားမှာ ဒရင်းဘက် ချပြီး အိပ်လိုက်မယ်။ မိုးလည်း လင်းခါနီး ပြီပဲ”
လှည့်ထွက်သွားသော သားကြီး အခန်း အပြင်သို့ ရောက်မှ သူ မိုးခုတင် ဘေးမှ
ခွေးခြေ ခုံပုလေး ပေါ်မှာ နွမ်းလျစွာ ထိုင်ချလိုက်သည်။ မိုး၏ မျက်နှာလေးကို
လှမ်းကြည့်တော့ အတိတ်တို့ကေ၀၀ါးစွာ ပေါ်လာသည်။ သူနှင့် မိုးအိမ်ထောင်
ကျတော့ ချမ်းသာသော မိုး အသိုင်း အ၀ိုင်းက ထုံးစံအတိုင်း သဘောမတူ ခဲ့ကြပေ။
အင်ဂျင်နီယာ ပေါက်စဆိုသော ဂုဏ်ကလေး ကြောင့်သာ ဆွမ်းကျွေး လက်မှတ်ထိုးကာ
လင်မယား အရာ မြောက်စေခဲ့သည်။ မုဆိုးမ သားမို့ မျက်နှာ မွဲလှသည် ဆိုကာ မင်္ဂလာ
အခမ်း အနားပင် ကျင်းပခွင့် မပြုခဲ့ ကြပေ။ သို့ပေမဲ့ သူတို့ နှစ်ယောက်က
ဘ၀လမ်းကို ပျော်ရွှင်စွာပင် လျှောက်ခဲ့ကြသည်။ သူတာဝန် ကျရာ မြို့များသို့
မိုးက လိုက်ပါကာ သားနှစ်ယောက်ကို မွေးဖွားခဲ့သည်။ သားကြီး ၂ နှစ် အရွယ်၊
သားငယ်ကို ကိုယ်ဝန် ရှိချိန်မှာ ဘ၀ အပြောင်း အလဲကြောင့် သူတို့
အိမ်ထောင်လေး စီးပွားဖြစ် ထွန်းခဲ့သည်။ ကလေးများ ပညာရေးကို စဉ်းစားကာ
ရန်ကုန်တွင် အခြေချရန် တိုက်နှင့်ကားကို ၀ယ်ယူ နိုင်သည်အထိ ဘ၀ကအေးချမ်း
နေခဲ့သည်။ သားတွေ ကျောင်းစနေသည့် အရွယ်မှာတော့ သူ့နောက်သို့ မိုး
အမြဲမလိုက် နိုင်ခဲ့ပေ။ သူက နယ်တကာ လှည့်ကာ စီးပွားရှာ၊ မိုးက နောက်ဖေးကို
လုံအောင် ထိန်းခဲ့သည့် အိမ်ရှင်မ ကောင်းပင်။ မိုးသူ့နောက်သို့ မလိုက်နိုင်
ခဲ့ပေမဲ့ သူ မိုးအပေါ်တွင် တစ်ခါမှ သစ္စာ မမဲ့ခဲ့ ဖူးသလို မိုးကလည်း သစ္စာ
တရားကို ရင်ဝယ်ပိုက်သည့် မြန်မာ မိန်းကလေး ပီသ ပြခဲ့သည်။ သားကြီးက Eco
နှင့် ဘွဲ့ရပြီး အိမ်ထောင် ကျချိန်ထိ မိဘနှင့် မခွဲဘဲ အတူ နေခဲ့သည်။
မြေးလေး ၃ နှစ် အရွယ်မှာ သူအလုပ်မှ အနားယူကာ မိသားစု အနားမှာ အချိန်ပေး
ခဲ့သည်။ မိသားစု အတူ နေရချိန်မှ ဆိုးဝါးလှသည့် ကံကြမ္မာက မိုးကို
မိသားစုနှင့် ခွဲအောင် ဖန်လာပြန်သည်။
“ခင်ဗျား အမျိုးသမီး ရောဂါက အဆုတ် ကင်ဆာဗျာ”
မိတ်ဆွေ ဆရာဝန် ကြီး၏ မှတ်ချက်ချသံ အဆုံးမှာ သူတုန်လှုပ် မှုကြောင့် ခဏ
ရူးသွပ် သွားမိသည်။ မိုးမသိအောင် အားလုံး ဖုံးဖိ ထားသော်လည်း ပါးနပ်သော
မိုးက ရိပ်မိ သွားခဲ့သည်။ ဘ၀၏ ကျန်ရှိသည့် အချိန်ကို မိသားစု အတွက်
ပျော်ရွှင်မှု တွေပေးရင်းနှင့် နောက်ဆုံးတော့ မလွန်ဆန် နိုင်သည့်
သေမင်းနောက်သို့ လိုက်ရန် မိုးပြင်ဆင် နေခဲ့ပေပြီ။ မိုးဒီညတော့
အခြေအနေ ဆိုးလှသည်။ မိုး အသက်ရှူသံတွေက ပြင်းထန်လှသည်။ နာကျင်မှုကြောင့်
တစ်ကိုယ်လုံး တုန်ယင်နေသည်။ မိုး၏ အေးစက်နေသော လက်ကလေးကို ကိုင်ကာ ၂၄
ပစ္စည်းကို နားဝမှာ ကပ်ကာ ဆိုပေးတော့ အသိ ရှိသေးကြောင်း အမူ အရာလေး ပြသည်။
နောက်ဆုံး အချိန်တွင် သူတို့ နှစ်ယောက်တည်း အေးချမ်းစွာ ကုန်ဆုံးချင်သည်။
မိုးကိုလည်း အေးချမ်း တိတ်ဆိတ်စွာ ထွက်ခွာသွား စေချင်သည်။ သားကြီးတို့
မိသားစု ကိုပင် အခန်းထဲသို့ အ၀င် မခံတော့ပေ။ ငိုရှိုက်သံ သဲ့သဲ့ကိုပင်
မိုးအား မကြားစေ ချင်တော့။ မိုး လင်းခါနီး အချိန်မှ မိုး သူချစ်သော
မိသားစုကို ငြိမ်းချမ်းစွာ ခွဲခွာ သွားခဲ့သည်။ နိုင်ငံခြားသို့ ရောက်နေသော
သားငယ် ထံသို့လည်း အကြောင်းကြားကာ ပြန်မလာခိုင်း ခဲ့တော့ပေ။ အရာ အားလုံးက
ပြီးသွား ခဲ့ပြီပဲလေ။
မိုး ဆုံးပြီး ၃ နှစ်ပြည့်သည့် နေ့မို့
ရွှေတိဂုံဘုရား သွားကာ ကုသိုလ်ကောင်းမှု ပြုခဲ့သည်။ အိမ်ပြန်ရောက်တော့
သားကြီးရော ချွေးမပါ ရုံးသမား တွေမို့ တစ်အိမ်လုံး တိတ်ဆိတ်လှသည်။ မြေးမလေး
ဗုံဗုံက ၁၀ တန်းတက်မည့် ကျောင်းသူမို့ ဒီအချိန် ကျူရှင်သွားပေပြီ။
တစ်ယောက်တည်းမို့ အထီးကျန် လှသည်။ ပူပြင်းသော နွေရက်များမို့ အိမ်ရှေ့
လမ်းမ ပေါ်မှာလည်း လူအသွား အလာ ရှင်းလှသည်။ ပျင်းရိ ဖွယ်ကောင်းသော
အချိန်များကို ဘယ်လို ကုန်ဆုံးရပါ့။ ရန်ကုန်မှာ အနေ နည်းခဲ့သူမို့ သူ့မှာ
အပေါင်းအသင်း ကလည်း ရှားလှသည်။ စာအုပ်စင်မှ စာအုပ် တစ်အုပ်ကို ဆွဲယူကာ
ယပ်တောင် တစ်ချောင်းကိုင်၍ အိမ်ရှေ့ ၀ရန်တာသို့ ထွက်ရန် ဧည့်ခန်းမှ အဖြတ်- “ကလင်၊ ကလင်” တယ်လီဖုန်းက ထမြည်လာ၏။
“ဒီအချိန် ဘယ်သူများ ပါလိမ့်”။ ဆွေမျိုး၊ မိတ်ဆွေ နည်းပါးသူမို့ သူ့အတွက် တယ်လီဖုန်း လာခဲလှသည်။ “ဟုတ်ကဲ့။ ပြောပါခင်ဗျာ”။
“အခု ပြောနေတဲ့ ဘဘကြီးက အလုပ် မသွားဘူးလား။ အိမ်မှာ တစ်ယောက်တည်း နေတာလား။ မိသားစုဝင် တွေရော မရှိဘူးလား”
ကရုဏာသံ လေးနှင့် ကြည်လင် ချိုသာသော အမေး စကားကြောင့် သူပြုံးချင်သွား ရ၏။
အသံ ကလေးက မြေးလေး ဗုံဗုံတို့ အရွယ်လောက် အသံမျိုး။ မြေးလေးသူငယ်
ချင်းများလား။ “မြေးလေးက ဘယ်သူလဲကွဲ့။ ဘဘက ပင်စင်ယူပြီး အိမ်မှာနေတာ။ မိသားစု ၀င်တွေက အလုပ် သွားတယ်ကွဲ့။ ဘဘက အိမ်စောင့် ရတာပေါ့”
“အဲဒါဆို ဘဘက ပျင်းနေမှာပေါ့။ သမီးနဲ့ သူငယ်ချင်း ဖွဲ့မယ်လေ။ ဒီလို ဘဘရဲ့
သမီးတို့ သူငယ်ချင်းတွေ စုပြီး အသင်းလေး တစ်ခု ဖွဲ့ထားတယ်။ ရည်ရွယ်ချက်က
သားသမီး၊ မြေး၊ မြစ်တွေ အလုပ်သွားလို့ အိမ်မှာ အထီးကျန်ပြီး ကျန်ခဲ့ရတဲ့
အဘိုးကြီး၊ အဘွားကြီး တွေကို သမီးတို့က ဖုန်းနဲ့ အဖော်ပြု ပေးတာပေါ့။
သမီးတို့ကြောင့် ခဏလေး အပျင်းပြေပြီး အထီးကျန် မှုက လွတ်မြောက်
သွားတယ်ဆိုရင် သမီးတို့ အဖွဲ့လေးရဲ့ ရည်ရွယ်ချက် အောင်မြင်တာပေါ့ ဘဘရဲ့။
သမီးတို့ နိုင်ငံမှာက သက်ကြီးရွယ်အို တွေကို အိမ်တိုင်ရာရောက်
စောင့်ရှောက်မှု အသင်းတွေ ဘာတွေ မရှိသေးတော့ သမီး တို့တစ်တွေက
တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးကို ကျောင်းပိတ်တုန်း အကောင်အထည် ဖော်ကြတာပါ”
“ကျေးဇူး တင်ပါတယ်ကွယ်။ ဘဘက သမီးတို့ ဖုန်းခတို့၊ အချိန်တို့ အလကား ကုန်နေမှာတော့ စိုးတယ်။ ကလေးတို့ မိဘတွေရော သိရဲ့လား။”
“ဖေဖေနဲ့ မေမေကို အသိ ပေးပြီးမှ လုပ်တာပါ။ သမီးတို့ မုန့်ဖိုးထဲက စုပြီး
လကုန်ရင် ဖေဖေတို့ကို ပြန်ပေးပါတယ် ဘဘရဲ့။ လူကြီးတွေကို ကူညီရမယ်လို့ သမီး
မိဘတွေက အမြဲဆုံးမ ထားပါတယ်”
ရင်ထဲမှာ ကျေနပ်စိတ်ကြောင့် ကြည်နူး
သွားရသည်။ ကလေး မလေး၏ မိဘများ ကိုလည်း စိတ်မှာ ကျေးဇူး တင်မိသည်။
ကလေးတွေကို ပြုစုပျိုးထောင် တတ်လိုက်ကြတာ။ အားလပ်ချိန် တွေက ပရဟိတ
လုပ်ငန်းလေးနှင့် ကုန်ဆုံးအောင် စီမံ ပေးတတ်မှုက လေးစား စရာပင်။ အမှန်
တကယ်ပင် အထီးကျန် နေသောသူ တစ်ထိုင်တည်းနှင့် စကားတွေ အများကြီး
ပြောဖြစ်သွားသည်။ ဖုန်းချပြီး ချိန်မှာတော့ ရင်ထဲမှာ ပေါ့ပါးမှု တစ်ခုက
ကျန်ခဲ့သည်။ ညနေခင်း လူစုံတော့ သားကြီးတို့ မိသားစုကို နေ့လယ်ခင်းက
အကြောင်းကို ပြောပြချင်၍ စောင့်ကြည့်သေးသည်။ ထမင်းကို တက်သုတ် ရိုက်စားကာ
အခန်းတွင်းသို့ ၀င်သွား ကြတာမို့ ပြောခွင့်က မကြုံ။ တစ်နေကုန် ပင်ပန်းလာကြ
သူတွေမို့ မျက်နှာတွေ လန်းလန်း ဆန်းဆန်းရှိမှ သူက စကား စ၀ံ့သူပင်။ သူ့
စကားကြောင့်လည်း ဘယ်သူ့ကိုမှ တာဝန်မဖြစ် စေချင်ပေ။ ဒါကြောင့် သူစကား အပြော
နည်းသွားသည်မှာ ကြာခဲ့ပေပြီ။ သားကြီးတို့ မိသားစု ကတော့ သတိထား မိမည်
မထင်ပေ။ မြေးမလေး ဗုံဗုံကို ထိုကလေးမ တို့၏ မွန်မြတ်သော စိတ်ဓာတ်နှင့်
ဖွဲ့စည်းထားသည့် အဖွဲ့ အစည်းလေး အကြောင်းကို ပြောပြကာ အတုယူ စေချင်
လာပြန်သည်။ ဗုံဗုံ စာကျက်ရာ အခန်းသို့ လှမ်းဝင်တော့ မြေးမလေးက Computer
ရှေ့မှာ ထိုင်နေသည်။
“မြေးလေး၊ ဘာတွေ လုပ်နေတာလဲ” သူအားတင်းကာ စကား စကြည့်သည်။
ဗုံဗုံက Mouse ကို ဆော့ကစားရင်း-
“ဘိုးဘိုးကြီး၊ ဘာခိုင်း မလို့လဲဟင်၊ Game ကစားနေလို့”မော်နီတာ ပေါ်မှာ
ပြေးလွှားနေသော ကားကလေးကို မျက်လုံး မလွှဲအားဘဲ ပြန်ဖြေသံကြောင့် သူတိတ်ဆိတ်
စွာပင် ပြန်ထွက် လာခဲ့ရ၏။ သားကြီးတို့ အခန်းကို လှမ်းကြည့်တော့လည်း ရုံးမှ
ပါလာသည့် အလုပ်များကို ခေါင်းမဖော် အားဘဲ စားပွဲပေါ် ခေါင်းဝင်မတတ်
အလုပ်ရှုပ် နေကြသည်။
“နေပါ စေတော့လေ။ ငါ့ကြောင့် အနှောင့်အယှက် ဖြစ်ရင် မကောင်းပါဘူး”
စိတ်ကိုလျှော့ကာ အခန်းထဲသို့ ၀င်လာ မိတော့လည်း မိုး မရှိတော့သည့် အခန်းလေးက တိတ်ဆိတ် လျက်ပင်။
ကလေးမ လေးက တစ်ပတ်ကို ၂ ရက်ခန့် နေ့လယ်ခင်းမှာ ဖုန်းဆက်တတ်သည်။ နေ့လယ်ခင်း
တိုင်းမှာ ကလေး မလေး၏ ဖုန်းသံကို မျှော်ရင်း အချိန်တွေက ကုန်မှန်းမသိ
ကုန်သွားတတ်သည်။ မြေးမလေး အရွယ်မို့ မမြင်ဖူး သော်လည်း မြေးမလေး အမှတ်နှင့်
ဖြူစင်စွာပင် သူခင်မင် နေခဲ့သည်။ အဖော် ငတ်နေသော သူ့အတွက် ဗုံဗုံထံမှ
မရရှိသော ချစ်ခင် ရင်းနှီးမှုကို ကလေး မလေးက အစားထိုး ဖြည့်ဆည်းပေးနေ
သလိုပင်။
ဖြစ်ချင်တော့ ည ၉ နာရီလောက်မှာ ဖုန်းက မြည်လာသည်။ သူက
ဧည့်ခန်းက ပက်လက် ကုလားထိုင်တွင် စာဖတ် နေတာမို့ အခြေအနေ အားလုံးကို
လှမ်းမြင်ရသည်။ သားကြီးက ပထမ ကောက်ကိုင်ကာ တစ်ချက်တွေဝေ သွားသည်။ ခဏကြာတော့
“ဖေဖေ ဖုန်းလာလို့” ဟု သူ့ကို လာပြောသည်။ သားကြီးတို့ မိသားစု မျက်ဝန်းမှာ
အံ့သြရိပ်က စွန်းထင်နေသည်။ “ဘဘရေ၊ မနက်ဖြန် သမီး ဒေါ်လေးတို့ နေတဲ့
စင်ကာပူကို အလည် သွားမလို့။ မနက် ဖလိုက်နဲ့ သွားရမှာမို့ အချိန်မရှိ
မှာစိုးလို့ အခု ဆက်လိုက်တာပါ။ ဟိုမှာ ၃ လ လောက် ကြာမှာဆိုတော့ ပြန်ရောက်မှ
ဘဘကို ဆက်သွယ် လိုက်မယ်နော်။ ဘဘကို သမီး ကန်တော့ပါတယ်”
အဘိုးအဘွား
မရှိရှာသော ကလေး မလေးသည်လည်း သူ့ကို အဘိုးရင်း တစ်ယောက်ပမာ တွယ်တာ
နေသည်ပင်။ ဖုန်းချကာ လှည့်အထွက်မှာ သားကြီး၏ အရောင် စွန်းနေသော
မျက်ဝန်းနှင့် ရင်ဆိုင်ရသည်။
“ဘယ်က ကောင်မလေးလဲ ဖေဖေ” အကျိုးအကြောင်း ပြောပြတော့ သားကြီး၏ မျက်ဝန်းရိပ်က အရောင်ရင့် သွားပြန်သည်။
“ဖေဖေ ဘာလို့အကျိုး မရှိတာတွေ လုပ်နေ ရတာလဲ။ အိမ်မှာ နေ့လယ်ခင်းတွေ
ဘယ်သူမှ မရှိမှန်း သိလို့ ဖေဖေ့ကို လာလိမ်ချင်လို့ ဇာတ်လမ်း ဆင်နေတာ
နေမှာပေါ့။ ကျွန်တော် ဖေဖေ့ကို အိမ်မှာ ထားခဲ့ရမှာ စိတ်မချအောင် မလုပ်ပါနဲ့
ဖေဖေရာ။ ကလေးလည်း မဟုတ်ဘူး။ ဖေဖေ လူကြီးတစ်ယောက် အနေနဲ့ စဉ်းစားပါဦး။
ကျွန်တော် စိတ်ညစ်လာပြီ”
သားကြီးကို ရှင်းပြချင်သည့် စကားက
လည်ချောင်းဝမှာ ပျောက်ကွယ်သွားသည်။ သားကြီး လှည့်ဝင်သွားရာ အခန်းသို့သာ
ကြောင်ငေး နေမိသည်။ ဖတ်လက်စ စာအုပ်ကလည်း စိတ်ဝင်စား စရာ မရှိတော့ပေ။
အိပ်ခန်းထဲ သို့ဝင်ရန် သားကြီးတို့ အခန်းရှေ့မှ ဖြတ်အလျှောက် ချွေးမ
ဖြစ်သူ၏ စကားသံ ခပ်တိုးတိုးကြောင့် သူကျောက်ရုပ် ဖြစ်သွားတော့သည်။
“မေမေကလည်း ဆုံးသွားတာ ကြာပြီဆိုတော့ ဖေဖေလည်း ပျင်းရှာမှာပေါ့ မောင်ရယ်။
ဒီတော့ သူလည်း စိတ်ပျော်ရာ ရှာတာ နေမှာပေါ့။ လူချင်းတွေ့နေ ကြတာမှ မဟုတ်တာ။
ဖုန်းနဲ့ပြောနေ တာပဲ။ အခုခေတ်က “သမီး ရဲ့ဦး” ဇာတ်လမ်းတွေက ပေါ မှပေါ။
နားလည် ပေးလိုက် ပါ။”
တုန်ယင်နေသော ခြေလှမ်းများကို အနိုင်နိုင် ထိန်းကာ အခန်းသို့ ပြန်လာ ခဲ့ရသည်။
ရင်နာလိုက်တာ မိုး ရယ်။ အခု အချိန်မှာ မင်းကို ရှိစေချင် လိုက်တာ။ အဝေးမှာ
တစ်ယောက်တည်း နေခဲ့ရတဲ့ အချိန်တွေ တုန်းက ငါ့သိက္ခာကို မင်းယုံကြည်စွာ
တန်ဖိုး ထားသလောက် အနီးမှာ နေရတဲ့ မင်းသား သမီးတွေက ငါ့သိက္ခာကို နင်းခြေ
ကြပြီကော။ ငါ့မြေး အရွယ်လေးမို့ အထီးကျန် နေတဲ့ ငါ့စိတ်က ဖြူစင်စွာ ခင်တွယ်
မိတာပါ။ ဒါဟာ စိတ်အပျော် ရှာတာလည်း မဟုတ်သလို၊ ဖောက်ပြန်ချင်စိတ်
မွေးတာလည်း မဟုတ်ပါဘူး။ စိတ်မှာ သန့်ရှင်းတာ ကိုလည်း ဘုရားမှာ သစ္စာ
ဆိုရဲပါတယ်။ သူတို့ နားမလည် တာက ငါ့ရင် ဘတ်ထဲကို ၀င်မကြည့် ကြလို့ပေါ့။
ဝင်ကြည့် နိုင်လောက်တဲ့ အချိန်လည်း သူတို့မှာ မရှိပါဘူး။ နောက် ၃ လကြာ
ချိန်မှာ မြည်လာမယ့် ဖုန်းသံကိုလည်း ငါကျောခိုင်းဖို့ ဆုံးဖြတ် လိုက်ပါပြီ။
ငါ့ရဲ့ အထီးကျန် မှုထက် သူတို့ရဲ့ ပျော်ရွှင်မှုက ပိုအရေးကြီး ပါတယ်။
ငါ့လိုလူအို၊ လူပို တစ်ယောက်ရဲ့ခံစားချက်ကို ဘယ်သူက အငြီးငွေ့ ခံပြီး
နားထောင် ချင်ပါ့မလဲ။ နားထောင်ပေးမယ့် သူရှိလာ ခဲ့စေဦးတော့ အခုလို
ဘောင်ကန့်သတ်မှု အမြင်တွေနဲ့ ဘယ်သူ့ကိုမှ မနစ်နာ စေချင်ပါဘူး။ ငါအရာ
အားလုံးကို ခွင့်လွှတ်ပါတယ်။ သူတို့တွေ ငါတို့ အရွယ်ကို ဖြတ်ကျော်ရတဲ့
တစ်နေ့မှာ ဒါတွေ အားလုံးကို နားလည် လာမှာပါလို့ ဖြေတွေးရင်းနဲ့ အခုတော့
တစ်ယောက်တည်း အထီးကျန်ဆဲ ပါပဲလေ။
န၀ရတ်၊ဂုဏ်-ရူပ၊ (ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)
|
No comments:
Post a Comment
မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။