(မိမိ၏ အပြုအမူကြောင့် သူတစ်ပါး နှလုံးစိတ်ဝမ်းချမ်းမြေ့သွားလျှင် ကုသိုလ်ဖြစ်ပါသည်။ တဖက်သားအပေါ် မေတ္တာကရုဏာဖြင့် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ကြည့်သော အကြည့်လေးတစ်ချက်၌ပင် ကုသိုလ်ဓာတ်လင်းလက်နေပါသည်။)
ကောင်းမှုပြုသောသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏။ နောင်ဘ၀၌လည်း ၀မ်းမြောက်ရ၏။
ပစ္စပ္ပန် တမလွန် နှစ်တန်သော ဘ၀တို့၌ ၀မ်းမြောက်ရ၏။ ထိုသူသည် မိမိပြုပြီးသော
ကောင်းမှုကံကိုမြင်၍ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏
(ဓမ္မပဒ)
ကောင်းမှုပြုသော သူသည် ဤဘ၀၌လည်း နှစ်သက်ရ၏။ နောင်ဘ၀၌လည်း နှစ်သက်ရ၏။ ပစ္စပ္ပန်
တမလွန် နှစ်တန်သော ဘ၀တို့၌ နှစ်သက်ရ၏။ ငါသည် ကောင်းမြတ်သောအမှုကို
ပြုရပေသည်ဟု နှစ်သက်ရ၏။ ထိုသူသည် ကောင်းသောဘ၀သို့ရောက်သောအခါ သာ၍ပင်
နှစ်သက်ရ၏
(ဓမ္မပဒ)
လောက၌ ကုသိုလ်၊ အကုသိုလ်နှင့် အဗျာကတဟူ၍ တရားသုံးမျိုးရှိ၏။ ဤတွင်
ပုထုဇဉ်တို့နှင့် ဆက်ဆံသော အရာမှာ ကုသိုလ်နှင့် အကုသိုလ်သာ ဖြစ်ပါသည်။
အဗျာကတဟူသော တရားကား ပုထုဇဉ်တို့နှင့် မဆိုင် ၊ ကိလေသာဟူသမျှကို
အကြွင်းမဲ့ပယ်သတ်ပြီးသော ရဟန္တာတို့နှင့် သာ သက်ဆိုင်သော အရာဖြစ်ပါ၏။
ပုထဇဉ်မည်သော လူတို့သည် အချိန်နှင့်အမျှပင် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတွေ
ပြုနေကြသည်။ ကြံစည်တွေးတောနေသည်။ ပြောဆိုနေသည်။ ပြုမူဆောင်ရွက်နေသည်။
ထိုကံသုံးပါးတို့သည် ကုသိုလ်ဖြစ်လျှင်ဖြစ်၊ ကုသိုလ်မဖြစ်လျှ
အကုသိုလ်ဖြစ်ပေမည်။ ပုထဇဉ်လူသားတို့ ကြံတွေးမှု၊ ပြုမူပြောဆိုမှုတို့သည်
ကုသိုလ်(သို့မဟုတ်) အကုသိုလ်ဘောင်ဝင်း နှစ်ခုအတွင်းမှ မလွတ်ကင်းပေ။
သို့ဖြစ်၍ ပြုပြုသမျှ မိမိ၏ ကံသုံးပါးကို ကုသိုလ်(ကောင်းမှု) အဖြစ်ခံမည်လား၊
အကုသိုလ်(မကောင်းမှု)အဖြစ်ခံမည်လား။ ဤသည်ကို မိမိစိတ်ကြိုက်
ရွေးချယ်နိုင်သည်။ ဆုံးဖြတ်နိုင်သည်။ ဤရွေးချယ်မှုကပင် ထိုသူ၏ ဘ၀ကို
ပုံဖော်ဖန်တီးသွားခြင်းဖြစ်ပါသည်။ အဖြူအမည်း သဲကွဲအောင်
အရောင်ခြယ်မှုန်းသွားခြင်းဖြစ်ပါသည်။ ကုသိုလ်ကောင်းမှုဟူသော အရာကိုယ်တိုင်က
ပြုသူကိုလည်း ကောင်းကျိုးပေး၏။ သူတစ်ပါးကိုလည်း ကောင်းကျိုးပေး၏။ ပြုသူလည်း
ချမ်းသာ၊ သူတစ်ပါးလည်း ချမ်းသာစေသော အရာဖြစ်ပါသည်။
လူဟူသည် လူ့ဘ၀ လူ့လောကကို ခေတ္တခဏ နားနေရောက်ရှိလာသော “ လောက၏ ဧည့်သည် ”
ဖြစ်ပါသည်။ လောက၏ ဧည့်သည်အဖြစ် နေရစဉ်အခိုက် ကောင်းမှုတွေကို
မြတ်နိုးဖို့လိုသည်။ ကောင်းတာလေးတွေကို ကြံစည်ဖို့ လိုသည်။ ကောင်းတာလေးတွေ
ပြောဖို့လိုသည်။ သို့မှသာ မိမိလည်း အပြစ်ကင်း၍ စိတ်ချမ်းသာမည်။
မိမိနှင့်ဆက်ဆံရသူ တွေလည်း စိတ်ချမ်းသာမည်။ ကုသိုလ်နှင့်ယှဉ်သော
စိတ်ချမ်းသာမှု ရှိမှသာ ဘ၀သည် အဓိပ္ပါယ် ရှိလာမည်။ ဘ၀တန်ဖိုးရှိလာမည်။
နေပျော်စရာဖြစ်လာမည်။
မိမိကိုယ်တိုင်လည်း ချမ်းသာစေ၊ သူတစ်ပါးကိုလည်း ချမ်းသာစေသော
အတွေးအကြံဟူသမျှ ကုသိုလ်အကြံအစည်ဖြစ်ပါသည်။ မိမိကိုယ်တိုင်လည်း ချမ်းသာစေ၊
သူတစ်ပါးလည်း ချမ်းသာစေသော အပြောအဆိုဟူသမျှ ကုသိုလ်အပြောဖြစ်ပါသည်။
မိမိကိုယ်တိုင်လည်း ချမ်းသာစေ၊ သူတစ်ပါးလည်း ချမ်းသာစေသော
လုပ်ဆောင်ချက်မှန်သမျှ ကုသိုလ်အလုပ်ဖြစ်ပါသည်။
ဒါနကောင်းမှုပြုလျှင်လည်း ကုသိုလ်ဖြစ်ပါသည်။ သီလဆောက်တည်လျှင်လည်း
ကုသိုလ်ဖြစ်ပါသည်။ ၀ိပဿနာ ပွားများအားထုတ်လျှင်လည်း ကုသိုလ်ဖြစ်ပါသည်။
သမထအားထုတ်လျှင်လည်း ကုသိုလ်ဖြစ်ပါသည်။
မနောကံမှုတွင် စေတနာကောင်းထည့်သော် မနောကံကုသိုလ်ဖြစ်ပါသည်။ ကာယကံမှုတွင်
စေတနာကောင်းထည့်သော် ကာယကံကုသိုလ်ဖြစ်ပါသည်။ ၀စီကံမှုတွင်
စေတနာကောင်းထည့်သော် ၀စီကံ ကုသိုလ်ဖြစ်ပါသည်။ မိမိ၏ အပြုအမူကြောင့်
သူတစ်ပါး နှလုံးစိတ်ဝမ်းချမ်းမြေ့သွားလျှင် ကုသိုလ်ဖြစ်ပါသည်။ မိမိ၏
အပြောအဆိုကြောင့် သူတစ်ပါး နှလုံးစိတ်ဝမ်း ချမ်းမြေ့သွားလျှင်
ကုသိုလ်ဖြစ်ပါသည်။
တဖက်သားအပေါ် မေတ္တာကရုဏာဖြင့် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ကြည့်သော
အကြည့်လေးတစ်ချက်၌ပင် ကုသိုလ်ဓာတ်လင်းလက်နေပါသည်။ ငွေအမြောက်အများ
အကုန်အကျခံလျက် အလှူကြီးအတန်းကြီးပေးမှသာ ကုသိုလ်ရသည်ဟူသော သမားရိုးကျ
အမြင်မျိုးမှ ရုန်းထွက်ဖို့ လိုပါသည်။
ငွေကြေးဥစ္စာများစွာ အသုံးပြုလှူဒါန်းမှသာ ကုသိုလ်ရသည်မဟုတ်ပါ။
ဓနဥစ္စာမကြွယ်ဝလင့်ကစား၊ မိမိ၏ ခန္ဓာကိုယ်ကို အရင်းအနှီးပြု၍ ပြုနိုင်သော
ကောင်းမှု အထွေထွေရှိပါ၏။
မိမိ၏ နှလုံးသားထဲတွင် မိမိကို အကြောင်းပြု၍ သူတစ်ပါး စိတ်ချမ်းသာပါစေ၊
အခက်အခဲပြေလည်ပါစေ၊ လိုအင်ဆန္ဒပြည့်ပါစေဟူသော စေတနာကောင်း စေတနာမွန်တစ်ခုသာ
စွဲစွဲမြဲမြဲ တည်ကိန်းနေသူအဖို့ သူ့ပတ်ဝန်းကျင်တွင်ပင် ပြုဖွယ်ကောင်းမှုများ
အများအပြားပင် ရှိနေပါသည်။ ကောင်းမှုပြုနိုင်မည့် အခွင့်အလမ်းများကို
နှလုံးလှမျက်စိဖြင့် ကြည့်တတ်လျှင် မြင်နိုင်ပါသည်။ ရှာဖွေလျှင်
တွေ့နိုင်ပါသည်။
လမ်းမသိသောသူအား မေတ္တာဖြင့် စိတ်ပါလက်ပါ လမ်းကို သေသေချာချာ
ညွှန်ပြပေးခြင်း၊ လမ်းသွားလမ်းလာတို့ ခလုတ်မထိ ဆူးမငြိစေရန် လမ်းပေါ်တွင်
တွေ့သော အုတ်ခဲကျိုး ဆူးခက်တုတ်ချောင်းတို့ စသည်တို့ကို
ကောက်ယူရှင်းလင်းပေးခြင်း၊ အများသုံးရေကန်ဝန်းကျင်တွင် ရေညှိများတက်နေပါက
သုတ်သင်ဖယ်ရှားပေးခြင်း၊ လမ်းသွားလမ်းလာတို့ အတွက်
အရိပ်ရအပင်စိုက်ပျိုးပေးခြင်း၊ ရေချမ်းစင်တည်ခြင်းနှင့်
မိမိနှင့်ဘ၀တူလူသားများအား အကူအညီပေးခြင်း စသည်တို့သည်
ကုသိုလ်ကောင်းမှုချည်းသာဖြစ်ပါ၏။
အထက်ပါ ဘုရားရှင်၏ အဆုံးအမတော်အတိုင်း လူသည် ကုသိုလ်ကောင်းမှုပြုဖို့
အားထုတ်ရာတွင် ပထမဦးဆုံးလိုအပ်ချက်မှာ ကုသိုလ်ရေး၌ မမေ့လျော့ခြင်း
(အပ္ပမာဒ)ပင် ဖြစ်ပါသည်။ မေ့လျော့ခြင်း (ပမာဒတရား)သည် မြူမှုန်အညစ်အကြေးနှင့်
ပမာတူပါသည်။ ပြင်ပရှိ ဖုန်မှုန်အညစ်အကြေးတို့က အ၀တ်အထည်တို့ကို
ပေကျံညစ်ထေးစေသည်။
မေ့လျော့ခြင်းဟူသော မြူမှုန်ကလည်း စိတ်ထဲတွင် အနည်အမှုန်တို့ကိုထစေသည်။
ကုသိုလ်ရေး၌ မေ့လျော့ခြင်းသည် မကောင်းကျိုးတွေကို နှင်းအပ်သော အရာဖြစ်၏ ။
ပစ္စုပ္ပန်တွင်လည်း အကျိုးမဲ့ကို ဖြစ်စေ၏။ တမလွန်တွင်လည်း အကျိုးမဲ့ကို
ဖြစ်စေ၏။ ကုသိုလ်ရေး၌ မမေ့လျော့ခြင်းသည် ကောင်းကျိုးများကို ဆုလာဘ်အဖြစ်
ချီးမြှင့်၏။ ပစ္စပ္ပန်တွင်လည်း ကောင်းကျိုးအထွေထွေပေးစေသည်။ တမလွန်တွင်လည်း
ကောင်းကျိုးအထွေထွေပေးစေသည်။
ကျေးဇူးရှင် ညောင်တုန်းရွှေဟင်္သာတောရ ဒုတိယစံကျောင်းဆရာတော်ကြီးက-
“ ကုသိုလ်ကို ကိုယ်ကမေ့လျှင်
ကုသိုလ်က ကိုယ့်ကို မေ့လိမ့်မည်။
ကုသိုလ်က ကိုယ့်ကိုမေ့လျှင်
ဘေးတွေ့လိမ့်မည် ”
ဟူ၍ ဆုံးမသြ၀ါဒ ပေးတော်မူခဲ့ပါ၏။
လူအများစုအနေဖြင့် မိမိ၏ မိသားစု စားဝတ်နေရေး၊ ဘ၀ရည်တည်ရေးတို့အတွက်
နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားနေကြရပါသည်။ သို့ဖြစ်၍ နိစ္စဓူဝ အချိန်ပေး၍
ဒါနမှု၊ သီလမှု၊ ဘာဝနာပွားများမှုတို့ကို ပြုခွင့်သာချင်မှ သာပါလိမ့်မည်။
ယင်းသို့ ပြုခွင့်မသာသူများအတွက် အိမ်၌နေစဉ်တွင်လည်းကောင်း၊
လုပ်ငန်းခွင်တွင်လည်းကောင်း၊ လမ်းသွားလမ်းလာစဉ်တွင်လည်းကောင်း၊
နှလုံးလှစေတနာကောင်း အရင်းခံလျက် ပြုနိုင်သော ကုသိုလ်ကောင်းမှုတွေရှိပါသည်။
မိမိ၏ မေတ္တာ၊ ကရုဏာ ၊ မုဒိတာ အရင်းခံသော ကံသုံးပါး အပြုအမှုများက မိမိ၏
မိသားစုဝင်များ ၊ လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များ၊
ခရီးသွားဖော်အချင်းချင်းများ နှလုံးစိတ်ဝမ်း ချမ်းမြေ့စေသည်ဆိုလျှင်
ယင်းသည် ကုသိုက်ကောင်းမှု ဖြစ်သည်။
လမ်းသွားလမ်းလာစဉ် အလေးအပင် မ လာသူအား လမ်းဖယ်ပေးခြင်း၊ ဘတ်စ်ကားပေါ်တွင်
သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတို့အား မိမိထိုင်နေရာကို
နေရာပေးပြီး မိမိက မတ်တပ်ရပ်လိုက်ခြင်းတို့သည် “ ၀န်ဆောင်မှု အရင်းအနှီးပြု ကုသိုလ်ကောင်းမှုများ ” ဖြစ်ပါ၏
တစ်ခုတော့ရှိပါသည်။ မည်သည့်ကောင်းမှုကိုပြုစေ လွတ်လွတ်စွန့်လွှတ်သော
စေတနာအရင်းခံဖို့လိုပါသည်။ ကုသိုလ်ကောင်းမှုပြုရာမှ ရရှိလာမည့်
အကျိုးတစ်စုံတစ်ရာကို မျှော်ကိုးမှုလည်း မပြုသင့်။ တောင့်တမှုလည်း မပြုသင့်။
ဒါနပြုလျှင် မမျှော်ကိုးစေကာမူ ဒါန၏ အကျိုးကို ခံစားရမည်။
ဝိပဿနာဘာဝနာကို နည်းစနစ်ကျန မှန်ကန်စွာ စွဲစွဲမြဲမြဲ အားထုတ်လျှင် ၀ိပဿနာ၏
အကျိုးကို ခံစားရမည်။ ကောင်းမှုကုသိုလ်ပြုလျှင် ထူးပြီးတောင့်တနေစရာမလိုပါ။
ကုသိုလ်ကောင်းမှုက သူ့အလုပ်ကို သူလုပ်သွားမည်သာ ဖြစ်ပါသည်။ သူ့သဘော
သူဆောင်သွားမည်သာ ဖြစ်ပါသည်။
ကုသိုလ်မှုမှန်သမျှတွင် စွမ်းအင်သတ္တိနှစ်မျိုး ရှိပါသည်။ ယင်းတို့မှာ
ကောင်းကျိုးများကို ဖြစ်ထွန်းစေခြင်းနှင့် မကောင်းကျိုးများကို
တားဆီးခြင်းတို့ ဖြစ်ပါသည်။ ကောင်းသောကံသုံးပါးက ကောင်းသော အကျိုးကို
ပေးသည်ဟူသော အချက်ကို ခိုင်ခိုင်မြဲမြဲ ယုံကြည်အပ်ပါသည်။ ကောင်းမှုပြုသူသည်
ပစ္စုပ္ပန်ဘ၀နှင့် တမလွန်ဘ၀တို့၌ ကောင်းကျိုးပေးမည်ဖြစ်ကြောင်း (အထက်ပါ
အဆုံးအမတော်တွင်) မြတ်စွာဘုရားရှင် အာမခံတော်မူခဲ့ပါသည်။
ဘ၀ဟူသည် သူ့ချည်းသက်သက်ဆိုလျှင် အဖြူထည်ပါ။ အဖြူထည်ဘ၀ထဲသို့
ကုသိုလ်ကောင်းမှုကို ထည့်နိုင်လေ၊ ဘ၀တန်ဖိုးမြင့်လာလေ၊ ဘ၀အဓိပ္ပါယ်
ရှိလာလေပင် ဖြစ်ပါသည်။ ဘ၀ထဲသို့ ကုသိုလ်ကောင်းမှု ထည့်သွင်းဖို့
မေ့လျော့နေလျှင် ယင်းသည် ဘ၀ကို တန်ဖိုးရှိရှိ နေထိုင်ခြင်း မဟုတ်လေပါ။
နံနက်အရုဏ်လင်းပြီး နေ့သစ်တစ်ခုကို အစပျိုးလိုက်သည်နှင့်
ကုသိုလ်ကောင်းမှုပြုရန် အခွင့်အလမ်းကောင်းတစ်ခု စတင်ခြင်းပင် ဖြစ်သည်ဟု
ခံယူယုံကြည်လျက် အသက်ရှင်နေထိုင်ရချိန်ကို ကောင်းစွာ အသုံးချနိုင်ဖို့
လိုပါသည်။
နေ့သစ်တိုင်း နေ့သစ်တိုင်းတွင် ဘ၀စာမျက်နှာ အသစ်အသစ်များကို
ကုသိုလ်ကောင်းမှုများဖြင့် ကမ္ဗည်းတင်သွားဖို့လိုပါသည်။ နေ့စဉ်နှင့်အမျှ
တစ်နိုင်တစ်ပိုင် ကောင်းမှုလေးများ ပြုသွားခြင်းအားဖြင့် တန်ဖိုးရှိသော
ဘ၀ကောင်းဘ၀မွန်တစ်ခုကို ပုံဖော်တည်ဆောက်သွားအပ်ပါသည်။
No comments:
Post a Comment
မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။