Subscribe:

Sunday 21 October 2012

'' မြင်းမိုရ်ဦး ရဲ့ မြင်းမိုရ်ဦး ''





 “အိုတာ နာတာဟာ သေမည့်ဘက် နီးလာတာ မဟုတ်ဘူး။ သေရာနဲ့ မသေရာတို့ရဲ့ လမ်းခွကို ရောက်လာတာပါ။ သတိမဲ့သူက သေရာဘက်နီးပြီး သတိရှိသူက မသေရာဘက် ပိုနီးလာပါတယ်။”
ဘ၀ရဲ့ တိုးတက် ပြောင်းလဲမှုဆိုတာ ရပ်တက်၊ ရုန်းတတ်ရုံနဲ့ မပြီးသေးပါဘူး။ ဘ၀ကို စနစ်တကျ သုံးတတ်ဖို့လိုပါတယ်။ ဒီအဆင့်ဟာ တကယ် အရေးကြီးဆုံး တိုးတက်မှု အစစ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆင့်ကို မြင်းမိုရ်ဦး တကာတို့ရဲ့ မြင်မိုရ်ဦးလို့ ဆိုချင်ပါတယ်။

သာသနာတွင်းမှာ လူဖြစ်လာရခြင်းရဲ့ အဓိကအမြတ်ဟာ အ၀ိဇ္ဇာ တဏှာက အုပ်ချုပ်ပြီး လျှောက်လှမ်းခဲ့ရတာဖြစ်လို့ လမ်းရိုး ဟောင်းသမားတို့ရဲ့ အမြင်မှာတော့ ခန္ဓာကိုအတွက် ရုန်းကန်နေရတာကိုပဲ ခန္ဓာကိုယ်ကို အသုံးချနေရတယ်။ ခန္ဓာကိုယ်ကြီး အသုံးကျနေတယ်လို့ ထင်မှတ် နေကြတာလဲ ပါတယ်။ ဒါကြောင့်လည်း များများ ရုန်းကန်ပြီး များများ ရှာဖွေစုဆောင်း ထားနိုင်သူကို “လူဖြစ်ရကျိုးနပ်လိုက်လေ”လို့ အသိအမှတ် ပြုတတ်ကြပြီး မရုန်းနိုင် မရှာနိုင်အောင် အိုလာ နာလာတဲ့အခါမှာတော့ “ခန္ဓာကိုယ်ကြီးက ဘာမျှ အသုံးမကျတော့ဘူး”ဆိုပြီး ပူဆွေး ၀မ်းနည်း ဖြစ်နေကြတာပေါ့။
ဒီလို အထင်မှားနေရခြင်းရဲ့ အဓိက တရားခံကတော့ ဦးစီး အုပ်ချုပ်နေတဲ့ အ၀ိဇ္ဇာ နဲ့ တဏှာ တို့ကြောင့်ပါပဲ။ ဟုတ်တယ်လေ။ အ၀ိဇ္ဇာဆိုတာ ဘာမျှမသိတဲ့သဘောကို ပြောတာမှ မဟုတ်ဘဲ။ အမှားနဲ့ အမှန်ကို ပြောင်းပြန် သိနေ(မှတ်ထင်နေ)တဲ့ သဘောပဲဟာ။ တဏှာဆို တာက အဲဒီ ပြောင်းပြန်အသိကို အမှန်ထင်ပြီး တပ်မက်စွဲလမ်းနေတဲ့ သဘောပေါ့။
တကယ်တော့ အိုတာ၊ နာတာဟာ ခန္ဓာကိုယ်ကြီး အသုံးမကျတော့တလည်း မဟုတ်သလို သေမည့်ဘက် နီးလာတာလည်း မဟုတ်သေးပါဘူး။ သေရာနဲ့ မသေရာတို့ရဲ့ လမ်းခွကို ရောက်နေတာပါ။ သတိမဲ့ အသိမဲ့ပြီး စနစ်တကျ မသုံးတတ်သူတွေအတွက် သေရာ ဘက် နီးလာတာဖြစ်ပေမယ့် သတိနဲ့ အသိရှိပြီး စနစ်တကျ အသုံးချတတ်သူတွေ အတွက်က တော့ မသေရာဘက် ပိုနီးလာတာ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ အဆုံးအဖြတ်ကတော့--
“အပ္ပမာဒေါ အမတံ ပဒံ= သတိရှိသူဟာ မသေရာနဲ့ နီးတယ်။
ပမာဒေါ မစ္စုနော ပဒံ= သတိမဲ့သူ သေရာနဲ့ နီးတယ် “ လို့ မိန့်ဆိုပါတယ်။ သေရာနဲ့ အနီးဆုံးတရားဟာ အိုတာ၊ နာတာမဟုတ်ဘူး။ သတိမဲ့မှုသာ ဖြစ်တယ်လို့်ဆိုလိုတာပါ။
သတိဆိုတာ ကုသိုလ် ကောင်းမှုပြုရေး အတွက် နိုးကြားနေတဲ့ သဘောကို ပြောတာ ဆိုတော့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ရင်းနှီးကြသူတွေအနေနဲ့ “ဆင်းရဲလေလေ သံဝေရရ”ဆို တဲ့အတိုင်း အိုလာ၊ နာလာတဲ့အခါမှာ ကုသိုလ်ရေးပိုပြီး နိုးကြား လာတတ်စမြဲပါ။ ကုသိုလ်ဆိုတာ ကလည်း ခန္ဓာကြီးကို စနစ်တကျ အသုံးချပြီး ယူရတဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့် အိုတာ၊ နာတာဟာ သတိနဲ့ အသိရှိသူ အတွက် မသေရာဘက် ပိုနီးလာတယ်လို့ ဆိုလိုက်တာပါ။
ဘ၀ခန္ဓာကိုယ်ထဲကို အိုခြင်း၊ နားခြင်း တရားတွေ ၀င်ရောက်လာတာဟာ စိတ်ပျက်ဖို့ ၀မ်းနည်း ပူဆွေးဖို့အတွက် လာတာမဟုတ်ဘူး။ “မင်းတို့တစ်တွေ ခန္ဓာကြီးက ခိုင်းတာ ကိုချည်း ကုန်းရုန်း မနေကြနဲ့၊ ခန္ဓာကိုယ်ကြီးကို စနစ်တကျ အသုံးချကြတော့။ မသုံးလိုက်ရင် အချည်းနှီး ပြုန်းတီး သွားတော့မယ်”လို့ သတိပေးဖို့ ရောက်လာတာပါ။
မြတ်စွာဘုရားရဲ့ အဆုံးအမ သာသနာဆိုတာ ခန္ဓာကိုယ်က ဒီလို သတိပေးနေတာကို မသိတတ် သူတွေအတွက် သတိနှိုး အသိပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သာသနာဆိုတာ ဘ၀ခန္ဓာရဲ့ အကြီးမြတ်ဆုံးဖြစ်တဲ့ တတိယ မိဘ(သို့မဟုတ်) လောကုတ္တရာမိဘလို့ ဆိုရမှာပါ။
ဒီလောကုတ္တရာဖြစ်တဲ့ တတိယမိဘရဲ့ ပိုက်ထွေး ဖွားမြင်မှုကို မခံရဘူး။ မခံယူဘူးဆိုရင် တော့ လူ့ဘ၀ဟာ အချည်းနှီး ကုန်ဆုံးသွားရမှာဖြစ်လို့ အလွန်နှမြောစရာ ကောင်းလှပါတယ်။
ဟုတ်တယ်လေ။ ခန္ဓာကိုယ်ခိုင်းသမျှ ကုန်းရုန်း ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာတွေဆိုတာ သေရွာကိုပါဖို့ မဆိုထားနဲ့ အိုလာ၊ နာလာပြီဆိုရင် ဘာများ ခံစားနိုင်တော့လို့လဲ။ ဒါကို သတိပြု မိမှ ဘ၀ခန္ဓာဆိုတာ ရုန်းတက်ရုံနဲ့တော့ ဘာမျှ အသုံးမကျသေးပါကလားလို့ သဘောပေါက်ကြ မှာပါ။
စဉ်းစားကြည့်ရင် အ၀ိဇ္ဇာတဏှာရဲ့ လက်အောက်မှာ လူဖြစ်လာရတဲ့ ခန္ဓာကိုယ်ကြီးဟာ အတော် ရက်စက်ပါတယ်။ သူခိုင်းသမျှ စားရေး ၀တ်ရေး နေရေးတွေ ပြည့်စုံအောင်လည်း နေ့ စဉ် ရှာဖွေ ပေးနေရသေးတယ်။ ဒီကြားထဲ သူက အအိုခိုင်းရင် အိုလိုက်ရ၊ အနာခိုင်းရင်လည်း နာ လိုက်ရနဲ့။ ဒါဟာ ရုပ်ခန္ဓာကိုယ်က ခိုင်းစေတာပဲ ရှိသေးတယ်။ နာမ်ခန္ဓာလို့ခေါ်တဲ့ လောဘ ဒေါသတွေက ခိုင်းစေတာ ခံရပြီဆိုတော့ မတော်လောဘ မတော်ဒေါသတွေနဲ့ ဒုစရိုက်ဆိုတဲ့ မကောင်းမှုတွေကိုလည်း ဘာမသိ ညာမသိ လုပ်လိုက်ကြရသေး တာကလား။
ဒီတရားတွေ ဆိုတာက ဘ၀ကို နိမ့်သထက် နိမ့်ရာဆီ တွန်းချမယ့်တရားတွေ ကိုယ်တကယ် ရောက်သင့်တဲ့ မြင့်မိုရ်ဦး ဆီနဲ့တော့ ဝေးသည်ထက် ဝေးစေတဲ့ တရားတွေ အမှန်ပဲ။
မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို ခံယူခွင့် ရသူတွေကတော့ ခန္ဓာကိုယ် ခိုင်းသမျှ ငုံ့ခံမနေကြဘူး။ “တရားမသိ ခန္ဓာ့ဝန်ထမ်း” အဖြစ်နဲ့ ဘ၀ကို အဆုံးမသတ်စေဘူး။ သတိနဲ့ ပညာကို လက်ကိုင် ထားပြီး ခန္ဓာကိုယ်ကြီးကို အသုံးချတတ်တယ်။ ပြန်ခိုင်းတတ်တယ်။ ဒါကြောင့်လည်း တရားအသိ တစ်စွန်းတစ်စ သိခွင့်ရတဲ့ အချိန်ကစပြီး ဒီခန္ဓာကိုယ်ကြီးကို ဒါနကုသိုလ်၊ သီလ ကုသိုလ်တွေ ရနိုင်သမျှ ရအောင် အလုပ်ခိုင်း တတ်ကြတာပေါ့။ သန်တုန်း မြန်တုန်းဆိုတဲ့ ရပ်နိုင် ရုန်းနိုင်တုန်း အရွယ်မှာလည်း တစ်ဖက်တစ်လမ်းက ကုသိုလ်ရအောင် အသုံးချတ်ကြ သလို အိုလာ နာလာပြီဆိုရင်တော့ ဒီခန္ဓာကိုယ်ကြီးကို အရုန်းမခိုင်းဘဲ အပြည့် အ၀ အသုံးချရ တော့မယ် ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ကြတယ်။
ဒါကြောင့်လည်း အိုတဲ့ခန္ဓာကိုယ်ကြီးထဲက အိုစွမ်းကို ထုတ်နိုင်ကြတယ်။
နာတဲ့ ခန္ဓာကိုယ်ကြီး ထဲက နာစွမ်းကို ဘယ်လို ထုတ်ရ မယ်ဆိုတာလည်း သိကြတယ်။ ဒါက လည်း အလွန် ခဲခဲ ယဉ်းယဉ်းကြီးမှ မဟုတ်ဘဲ။ အဘိဏှသုတ်မှာ မြတ်စွာဘုရားရှင် ဆုံးမတော်မူသလို အိုတာ၊ နာတာကိုကြည့်ပြီး ဒီ အိုခြင်း၊ နားခြင်း သဘောကို ငါလည်း မလွန်ဆန်နိုင်ဘူးလို့ ဆင်ခြင်ရင်း နုပျိုခြင်း၊ ကျန်းမာခြင်းကို အခြေခံပြီး ဖြစ်ပေါ်နေတဲ့ လောဘ ဒေါသ မာန်မာနတွေကို ချိုးနှီမ်ပေး နေရတာပါပဲ။
မြတ်စွာဘုရားရှင်ကတော့ ‘ဒီတရားတွေကို မပြတ်ဆင်ခြင်းပြီး ဒီတရားတွေနဲ့ တရင်း တနီး ဖြစ်အောင်ကို နေရမယ်”လို့ ဆုံးမပါတယ်။
ဘယ်လောက်အထိ တရင်းတနီးဖြစ်နေရမယ်ရလဲဆိုရင် အစာတွေ ရေတွေကို စားသောက်ပြီးရင် ဆိုင်ရာ အညစ်အကြေးတွေကို စွန့်ပစ်ရမြဲဖြစ် သလို ဘ၀ခန္ဓာကြီးဖြစ်လာပြီ ဆိုရင်လည်း အိုရ နာရ သေရ မှာဟာ ဓမ္မတာပဲလို့ အချိန်မရွေး လက်ခံနိုင်တဲ့အထိ ရင်းနီးနေ ရမှာပါ။
ဟုတ်တယ်။ စားသေက်ပြီးရင် အညစ်အကြေး စွန့်ပစ်ရတာဟာ ဓမ္မတာပဲ မဟုတ်လား။ အညစ် အကြေး စွန့်ပစ်မှု မရှိရင် ဒီခန္ဓာကိုယ်ကြီး မကျန်းမမာ ဖြစ်လာမှာပေါ့။ ဒါကြောင့် အညစ် အကြေးစွန့်သင့်တဲ့ အချိန်မှာ မစွန့်ဘူး ဆိုရင်တောင် စိုးရိမ်တတ် နေကြတာပဲ။
ခန္ဓာကိုယ်ကြီး ကလည်း ဖြစ်ပေါ်လာပြီးရင် အိုချိန်မှာ အို၊ နာချိန်မှာ နာ၊ သေချိန်မှာ သေရမှာပဲ။ ဒီလိုသာ ဖြစ်မလာဘူး ဆိုရင် ဒီခန္ဓာကြီးဟာ လောဘ၊ဒေါသ၊ မာန်မာန ဆိုတဲ့ နာမ်ရောဂါတွေ ထူပြောပြီး မကျန်းမမာ ဖြစ်နေတော့မှာ သေချာတယ်။ ဒီလို နာမ်ရောဂါတွေ ထူပြောတဲ့ ခန္ဓာကိုယ်တွေ စုပေါင်းနေထိုင်တဲ့ ကမ္ဘာကြီးဟာလည်း မကျန်းမမာ ဖြစ်နေမှာ သေချာတာပဲ။
ဒီနေ့ကမ္ဘာကြီးဟာ ဒီရောဂါတွေ ထူပြောပြီး မကျန်းမမာ ဖြစ်နေကြတာလည်း လူတိုင်း သိနေကြတယ် မဟုတ်လား။
မြတ်ဗုဒ္ဓရဲ့ တပည့်သားများ အမြင့်ဆုံး ရည်မှန်းတဲ့ ဒုက္ခအားလုံး လွတ်မြောက်မှုဆိုတာ လောဘ ဒေါသ စတဲ့ ကိလေသာရောဂါ ၀မ်းတွင်းနာတွေ ကင်းစင်ဖို့ပါပဲ။ ဒီအနာတွေ ကင်းစင် တဲ့အဖြစ်ဟာ လူ့ဘ၀ရဲ့ အမြင့်ဆုံး တက်လှမ်းရမယ့် မြင့်မိုရ်ဦးရဲ့ မြင့်မိုရ်ဦးပဲ ဖြစ်ပါတယ်။ ဒီအဆင့်ကို လူတိုင်း တက်လှမ်းနိုင်ကြမယ် ဆိုရင် တစ်ကိုယ်ရေ ခန္ဓာတိုင်းလည်း ကျန်းမာပြီး ကျန်းမာသူတို့ နေထိုင်ရာ ကမ္ဘာကြီး ဖြစ်နေမှာ မလွဲပါဘူး။ ခန္ဓာကိုယ်ကြီးကို တရားအသိနဲ့ အသုံးချနိုင်ကြပါစေ။
ခန္ဓာကိုယ်တိုင်း ကျန်းမာကြပါစေ ။
ကမ္ဘာကြီး ကျန်းမာပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
မှတ်ချက်=မေတ္တာဥယျာဉ်ဆိုဒ်မှကူးယူတင်ပြသည်

No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *