Subscribe:

Saturday 10 November 2012

အချစ်ဆိုသော.



ဖျတ်ကနဲ စိမ်းလာသော သူ့နစ်လေးကို မြင်လိုက်တော့ ခိုင်မဲ့ကနဲ ပြုံးလိုက်သည်။  

`မင်္ဂလာပါရှင်။ ရှင်ဒီနေ့လာတာ စောသားပဲ..။ ကျွန်မလည်း စောစောပြန်ရောက်တာနဲ့ ရှင့်ကိုစောင့်နေတာ`

`အဟား..။ ခင်ဗျားက ကျွန်တော့်ကို တိတ်တိတ်လေးမျှော်နေပုံပဲ..။  ကျွန်တော်လည်း ဒီနေ့ သွားစရာလေးတွေ ရှိနေတာနဲ့ ကြာသွားတယ်..။ ဒီအချိန်လောက်ဆို ခင်ဗျားညစာစားပြီးလောက်ရောပေါ့...။  ကျွန်တော်တစ်ယောက်တည်း စားရတော့မယ့်ပုံပဲ... ။ `

သူ့ရဲ့ အပြောတွေဟာ တကယ်ကိုပဲ ရင်ခုန်ဖို့ကောင်းလှသည်။  သူစကားပြောလိုက်တိုင်း သူ့နှုတ်ခမ်းလေးတွေ ဘယ်လိုလှုပ်သွားမယ်ဆိုတာကို ခိုင်ကောင်းကောင်းကြီးသိတာပေါ့။  တကယ်တမ်း ခိုင်သာ တခြားမိန်းမတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ စကားလုံးတွေကြားမှာ အလှဲလှဲအပြိုပြို ကျဆုံးသွားမှာ အမှန်ပါပဲ...။ 

ဒါပေမယ့် ခိုင်ဟာ ခိုင်ဖြစ်နေပြီးတော့ သူဟာ ခိုင့်ချစ်သူဖြစ်နေခဲ့တာကတော့ လှပတဲ့ဇာတ်လမ်းတစ်ခုဆီကို ဦးတည်လာနိုင်စွမ်းမရှိပါဘူး။  ခိုင်နဲ့သူနဲ့ လွန်ခဲ့သော သုံးနှစ်ကာလကတည်းက ချစ်သူတွေဖြစ်ခဲ့ကြသည်။ သူဟာ သိပ်ကိုချောမောတဲ့ ယောက်ျားတစ်ယောက်ဖြစ်ခဲ့ပြီး သူ့စကားလုံးတွေ၊ အပြုံးတွေဟာ သိပ်ကိုဆွဲဆောင်မှုရှိခဲ့သည်။  ခိုင်က ဘ၀ရည်မှန်းချက်ကြီးသည့် မိန်းကလေးတစ်ယောက်။ ဘ၀တိုးတက်ရေးအတွက် နိုင်ငံခြားထွက်ဖို့ကိုပဲ အမြဲကြိုးပမ်းနေသည့်မိန်းကလေး..။  တစ်ဦးတည်းသောသား ဖြစ်ပြီး မိသားစုနှင့်မခွဲနိုင်သော သူနှင့် နိုင်ငံခြားမှာကျောင်းတက်ရတော့မည့် ခိုင်တို့နှစ်ဦး ချစ်လျက်နှင့် ခွဲခဲ့ကြရသည်မှာ အခုဆို နှစ်နှစ်ကျော်ခဲ့ပြီ။

မောင်ဟု ခိုင်က ချစ်စနိုးခေါ်တတ်သောသူနှင့် ခိုင်ဟု ခေါ်တတ်သောသူတို့ အနေဝေးခဲ့ကြပေမယ့် ရင်ထဲကအချစ်တွေကတော့ လျော့မသွားပါ။ နိုင်ငံချင်းအချိန်ကွာခြားမှုတွေက သူတို့နှစ်ဦး တွေ့ဆုံမည့်အချိန်တွေကို လျော့ပါးမသွားစေခဲ့...။ အင်တာနက်မှာသူတို့ အမြဲချတ်ဖြစ်ကြသည်။ စကားပြောကြသည်..။ ရယ်မောကြသည်..။ ဒါပေမယ့် ခိုင့်ရင်ထဲမှာ သံသယတွေနဲ့ မောင့်ကိုဆုံးရှုံးမခံနိုင်သည့် ခံစားမှုတွေက တနေ့တခြားတိုးလာခဲ့သည်..။ စကားပြောသိပ်ချိုတဲ့မောင်..၊ ပြုံးလိုက်တိုင်း ပါးချိုင့်လေးက ထင်းကနဲဖြစ်နေတတ်တာကြောင့် မိန်းကလေးတွေကို ဆွဲဆောင်နိုင်လွန်းတဲ့ မောင်..။ သူမနှင့်ဝေးကွာနေချိန်မှာ မောင်တခြားတစ်ယောက်နဲ့များ....။ ဘုရား..ဘုရား...။ ဒီအတွေးတွေကို ခိုင်ကြိုးစားဖယ်ထုတ်လိုက်ရင်း မောင့်ရဲ့အချစ်ကို စမ်းသပ်ဖို့ စတင်ခဲ့သည်...။ 

မေမဒီဆိုတဲ့ နစ်လေးနဲ့ မောင့်ကို စပြီး စကားပြောခဲ့သည်။  မောင်ဟာ သူမကို အရမ်းကြင်နာလွန်းစွာ တုံ့ပြန်လာသည်..။  တခဏအတွင်းမှာပဲ မေမဒီဆိုတာကို မောင်အရမ်းခင်မင်သွားပုံ ပေါ်ပါသည်..။  ခိုင်မနာလိုစွာ မျက်ရည်တွေ ၀ဲလာခဲ့သည်။ ပြီးတော့ မောင့်ကိုဆုံးရှုံးမခံနိုင်သော မောင့်ကို အလွန်ချစ်သော စိတ်တွေကြောင့် ပိုလို့ခံစားရသည်။ ခိုင်ဟာ မောင်အဲလိုကစားနေသော မိန်းကလေးများထဲက တစ်ယောက်ပဲလားလို့လည်း တွေးမိလာသည်..။  မနေ့ညက တစ်ညလုံးဒီအကြောင်းတွေကို စဉ်းစားရင်  ချာချာလည်နေခဲ့သည်...။ မောင့်ဆီကို ဖုန်းဆက်ဖို့ အခါခါရွယ်ခဲ့ပေမယ့် သေချာမှပြောမယ်လို့ ကိုယ့်ကိုယ်ကို ပြန်ထိန်းရင်း မေမဒီရဲ့ ဒုတိယနေ့ကို ဒီနေ့စခဲ့လေသည်..။

`ကျွန်မရှင့်ကို မေးစရာရှိတယ်..။ ရှင်စကားပြောလိုက်တိုင်း စကားလုံးတွေဟာ သိပ်ကိုချိုတာပဲ..။ ဒါဟာ မိန်းကလေးတွေကို ကစားမယ့်အကွက်တစ်ခုပဲလား...။`

`ဟာ.. ခင်ဗျား ကျွန်တော့်ကို အထင်လွဲနေပြီ။ ဒါက ကျွန်တော့်မွေးရာပါ ချိုသာမှုလေ..။ ဘယ်မိန်းကလေးကိုမှ ကျွန်တော်မကစားခဲ့ဘူး...။ စိတ်လည်းမ၀င်စားဘူး...။ ကျွန်တော်နဲ့ ခင်မင်လာသမျှကို ဒီလိုပဲ ပြောတတ်တာ ကျွန်တော့်အကျင့်ပါ..`

မောင်လိမ်နေတာဟု ခိုင်တီးတိုးရေရွတ်လိုက်သည်။  တင်းထားသည့် နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်လာသည်..။ 

`သြော်..။ အင်း.. ထားပါတော့..။ ဒါပေမယ့် ခဏလေးအတွင်းမှာပဲ ရှင့်ကို ကျွန်မစွဲလမ်းသွားခဲ့ပြီ..။ ရှင့်အပြောတွေကို သိပ်နှစ်ခြိုက်သွားခဲ့ပြီ...။ ဒီအတွက် ရှင့်ဆီက တစုံတခုကို ကျွန်မမျှော်လင့်နေသလားလို့..`

`ဟာ.. ။ အဲလိုဖြစ်သွားတယ်ဆိုရင် ကျွန်တော်တောင်းပန်ပါတယ်...။ တမင်ရည်ရွယ်ပြီး ပြောခဲ့တာ မဟုတ်ပါဘူးဗျာ..။ တကယ်တော့ ကျွန်တော့်မှာ ချစ်သူရှိတယ်...။ သူ့ကို ကျွန်တော်အရမ်းချစ်တယ်...။ သူကလွဲလို့လည်း ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စားဘူး...`

ခိုင် တခဏတော့ မင်သက်သွားမိသည်။ မောင့်ဆီက ဒီစကားလေးကို ကြားလိုက်ရတော့ တလျှောက်လုံး ခံစားခဲ့ရသော သောကတွေအားလုံး လွင့်စင်သွားသလိုပဲ...။ ပြီးတော့ မောင်ဆက်ပြောတဲ့ စကားလုံးတွေကို မြင်ရတော့ ခိုင်တကိုယ်လုံးတောင့်တင်းသွားသလိုပင်..

`မေမဒီဆိုတဲ့ နစ်ဟာ ကျွန်တော့်ချစ်သူပဲလေ...။ သူက ကျွန်တော့်ကို ကွယ်ရာမှာ ခြေရှုပ်နေမလားလို့ လိုက်စစ်နေတာပေါ့...။ ခိုင်ရယ်...။ မောင့်အချစ်ကို မင်းဘာလို့ မယုံခဲ့တာလဲ...။ မောင်တို့ချစ်ခဲ့တဲ့ သုံးနှစ်ဆိုတဲ့ကာလမှာ မင်းကလွဲလို့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ စိတ်နဲ့တောင် မောင်မဖောက်ပြားခဲ့ဘူး..။ မင်းကိုပဲ တဘ၀လုံး လက်တွဲသွားမယ်လို့ ဆုံးဖြတ်ခဲ့တာတွေ၊ ပြီးတော့ ခိုင်နိုင်ငံခြားရောက်နေတဲ့ ကာလတလျှောက်လုံး တနေ့မှ မပျက်ပဲနဲ့ မောင်အွန်လိုင်းတက်ခဲ့တာတွေ.. ဒါတွေဟာ မင်းလေးကို သိပ်ချစ်လို့ဆိုတာ မင်းဘာလို့ နားမလည်ခဲ့တာလဲ ခိုင်... ။ သိပ်ရက်စက်တယ် ခိုင်ရယ်...`

ဟင့်အင်း..။ မဖြစ်နိုင်ဘူး..။ မေမဒီဆိုတဲ့ နစ်လေးကို သုံးနေတာ ဒီနေ့မှ နှစ်ရက်တည်းရယ်...။ မောင်သိနေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...။ 

`မောင်... သိနေတယ်..ဟုတ်လား..။ မဖြစ်နိုင်ဘူး..။ မောင်ဘယ်လိုလုပ်သိတာလဲ...။ မောင့်ကို သိပ်ချစ်လို့ စမ်းကြည့်တာပါ မောင်ရယ်... `

သူ့ဆီက စကားလုံးတွေ တက်မလာတော့ပဲ တခဏငြိမ်သက်သွားခဲ့သည်။ တအောင့်နေတော့..

`ခိုင် မေမဒီဆိုတဲ့ အကောင့်ကို စဖွင့်ကတည်းက အဲဒီဘေးနားမှာ မောင်ရှိနေခဲ့တယ်..။ ပြီးတော့ မောင့်ကို လာအတ်တာကိုလည်း မြင်နေရတယ်...။ မောင့်ကို စကားလာပြောတော့ ခိုင်ဆိုတဲ့အမှတ်နဲ့ပဲ မောင်စကားတွေ ပြောနေခဲ့တယ်..။ ခိုင်မှန်းသိနေရဲ့နဲ့ မေမဒီဆိုတာကို မေမဒီလို မောင်မဆက်ဆံနိုင်ဘူး။ မေမဒီဟာ တကယ်တမ်းတော့ ခိုင်ပဲမို့လို့ ချိုချိုသာပြောခဲ့တာ မောင်မှားလားဟင်...။ ပြီးတော့ ......`

သူ့ဆီက စကားလုံးတွေက တ၀က်မှာပဲ တန့်သွားခဲ့သည်။ ခိုင်ထိတ်လန့်တကြား အခန်းကို ပတ်ကြည့်လိုက်သည်။ မည်သူမျှ မရှိ..။ ခိုင်တစ်ယောက်တည်းပါ...။ ရုတ်တရက် အတွေးတစ်ခု ခေါင်းထဲကို ၀င်လာသည်။ မိုက်ကနဲဖြစ်သွားပြီး ရန်ကုန်ကို ခိုင်အမြန်ဖုန်းခေါ်လိုက်မိသည်..။ 

မောင့်မေမေဆီက ကြားလိုက်ရသည့်စကားတစ်ခွန်းကို ခိုင်မယုံကြည်နိုင်ပါ...။ မောင်မနေ့ကပဲ ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားခဲ့ပြီတဲ့...။ ဟင့်အင်း...။ ညာတာ... မဖြစ်နိုင်ဘူး..။ မောင်နဲ့ ခုနလေးတင်ပဲ စကားပြောနေခဲ့သေးတာလေ...။ ဟင့်အင်း.. မောင်.. မောင်သေတယ်ဆိုတာ မဖြစ်နိုင်ဘူး...။ မောင်................

ခိုင်သွေးရူးသွေးတန်း အခန်းထဲပတ်ပြေးနေလေသည်။ ခုတင်အောက် မွေ့လျာအောက် အားလုံးမကျန် လိုက်ရှာသည်။ မည်သူမျှ မရှိပါ...။ ဟင့်အင်း..။ မောင် ခိုင့်ဆီကိုလာသွားတယ်.. မောင်ရယ် ထွက်ခဲ့ပါ..။ ခိုင့်ကို မရက်စက်ပါနဲ့....။ အော်ဟစ်ငိုယိုရင်း ချတ်ပုံးထဲမှ မောင့်ဆီကို စာတွေ အဆက်မပြတ်ရိုက်ထည့်လိုက်မိသည်..။  မောင့်ဆီကတော့ ငြိမ်သက်နေဆဲ...။ မောင့်နစ်လေးကတော့ အချက်ပြမီးလေး စိမ်းမလာတော့ပါလေ....။ ခိုင်ကတော့ အဲဒီမီးလေး ဘယ်တော့များစိမ်းလာမလဲဆိုတာကို ငေးမောစောင့်စားနေရင်းနဲ့ပဲ.......။

တကယ်တော့ အချစ်ဆိုတာ လေပြေတဲ့လား..။ မုန်တိုင်းတစ်ခုတဲ့လား...။ အချစ်ဆိုတဲ့အရာဟာ မမြင်ရခြင်းတွေကို ဆောင်ကြဉ်းလာတတ်သလို ကျွန်တော်တို့နှလုံးသားတွေကိုလည်း တိတ်တဆိတ်ခြွေမွ တတ်ပါသည်..။ ဘာပဲပြောပြောပေါ့... အချစ်ဆိုတဲ့ အမိုးလေးတစ်ခုအောက်မှာ ချစ်သူတွေရဲ့ အပြုံးလေးတွေသာ ထာဝရထွန်းတောက်နေစေချင်ပါတယ်ဗျာ...။ 
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *