`ကလင်..ကလင်...ကလင်....`
ဆူညံစွာ
ထွက်ပေါ်လာတဲ့ နှိုးစက်ကြောင့် ကျွန်တော်စိတ်တိုသွားသည်။ မျက်လုံးကို
မဖွင့်သေးပဲ နှိုးစက်ကို ပိတ်လိုက်ရင်း စောင်ကို ခေါင်းမြီးခြုံကာ
ပြန်အိပ်မည်အလုပ် ခြေသံများက အခန်းတံခါးကို ဖွင့်လာဝင်ရောက် လာကြသည်..။
`မင်္ဂလာနံနက်ခင်းပါ။
အခု နံနက် ၆ နာရီထိုးပြီဖြစ်လို့ အိပ်ရာထပါတော့..။ မျက်နှာသစ် အိမ်သာတက်၊
ရေချိုးချိန် ၄၅ မိနစ်ကွက်တိရပါတယ်။ ၇ နာရီထိုးခါနီး ၅ မိနစ်အလိုမှာ
နံနက်စာကို သုံးဆောင်ပြီး ၇ နာရီခွဲမှာ စတူဒီယိုကို ထွက်ခွာရပါမယ်...။
..... ..... .... ..`
အိပ်ချင်နေသည့်အထဲ
တတွတ်တွတ်နှင့် အစီအစဉ်တွေကို လာရွတ်ပြနေသော မန်နေဂျာကြောင့် စောင်ထဲမှ
ဝုန်းကနဲ ပစ်ထွက်လိုက်ပြီး ထိုစာရွက်ကို ဆွဲလုကာ အားလုံးကို အခန်းအပြင်
မောင်းထုတ်လိုက်သည်..။ ဟင်း... တနေ့မှ ကောင်းကောင်းကို မအိပ်ရဘူး...။
ကျွန်တော် မျက်လုံးကို မဖွင့်သေးပဲ အိပ်မှုန်စုံမွှားဖြင့်
ရေချိုးခန်းထဲလှမ်းအ၀င် တစုံတခုကို ခလုတ်တိုက်မိတော့ ရင်ထဲလှပ်ကနဲ
ဖြစ်သွားကာ မျက်လုံးများ ကျယ်ကုန်သည်။ သွားတိုက်ရင်းဖြင့်
ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်မိသည်...။ တနေ့တခြား အလွန်ကို
သနားစရာကောင်းသည့် ရုပ်အသွင်လေးပါလား...။ ဟင်း...။
ရေချိုးအ၀တ်အစားလဲပြီးတော့
ကော်ဖီကို တကျိုက်၊ အစီအစဉ်စာရွက်ကို ဆက်တိုက်ဖတ်ရင်း တနေ့တာ
တွေ့ဆုံလုပ်ကိုင်ရမည့် အလုပ်တွေကို တန်းစီရွတ်ပြနေသည့် မန်နေဂျာ၏
စကားသံတို့ကိုလည်း နားစိုက်နေလိုက်သည်...။ ဗိုက်ဆာဆာနှင့်
ပေါင်မုန့်တစ်လုံး ထပ်အနှိုက် တစုံတရာသောလက်က လာတားလေသည်။ ကျွန်တော်၏
ကျန်းမာရေးဝန်ထမ်း...။ ချိုသာသော အပြုံးဖြင့်
`လူကြီးမင်း ဒီနေ့မနက် ဖြည့်တင်းရမယ့် အာဟာရ ပမာဏပြည့်နေပြီဖြစ်လို့ ဆက်မစားသင့်တော့ပါဘူး။`
ကျွန်တော်စိတ်တိုစွာ
လက်ခလယ်တစ်ချောင်းသာ ထောင်ပြလိုက်ရင်း ထွက်လာခဲ့သည်။ ကျွန်တော်
သိပ်နှစ်ခြိုက်သည့် မာစီးဒီးဘရန်းဒ်ကားနက်လေးပေါ်ရောက်မှ
သက်သောင့်သက်သာအနားယူရင်း ဒီနေ့လေ့ကျင့်ရမည့် ကကွက်တို့ကို ကြည့်နေမိသည်..။
ဒီလိုနှင့် ကျွန်တော်ရဲ့ ရုံးခန်းကို ရောက်လာခဲ့ပြီး တနေ့တာအလုပ်ကို
စတင်ပါတော့သည်..။
ပထမဦးစွာ
ကျွန်တော်ယောဂကျင့်ရသည်။ စိတ်တည်ငြိမ်မှုရစေရန် နံနက်တိုင်း
နာရီဝက်ခန့်ကျင့်ရသည်။ အဲဒီနောက်တော့ သီးသန့်ခန်းထဲတွင်
ကျွန်တော်အသံအစွဲကျင့်ရသည်...။ နံနက်ပိုင်းသည် အသံကျင့်ရန်
အလွန်ကောင်းသည့်အချိန်ဖြစ်ပြီး အသံအားကိုလည်း ပိုကောင်းစေတတ်သည်။ အဲဒီနောက်
ဒီနေ့အသံသွင်းမည့် သီချင်းကို တီးဝိုင်းဘန်နှင့် ကျင့်ရင်း
စိတ်ကျေနပ်မှုရသည်အထိ အသံသွင်းသည်။ သီချင်းတစ်ပုဒ်အသံသွင်းပြီးတော့ နေ့လည်
တစ်နာရီထိုးပြီ...။ သီးသန့်ပြင်ဆင်ထားသည့် နေ့လည်စာဝိုင်းတွင်
ကျွန်တော်မစားချင်ဆုံးသော အစားအသောက်များကို ကြိတ်မှိတ်စားသောက်ရဦးမည်..။
ဟိုးငယ်ငယ်က မေမေချက်ကြွေးသည့် ငါးပိနဲ့ ကြက်သွန်ဖြူထောင်းလေးရယ်..၊
ဂေါ်ရခါးရွက် ရေစပ်စပ်လေး ချက်ရယ်.. တွေးမိပြီး အလွန်စားချင်နေမိသော်လည်း
လက်တွေ့တွင်တော့ ဆီမပါ၊ စားမပါ.. ပေါ့ရွှတ်ရွှတ် အစားအသောက်တွေကို
ကျန်းမာရေးရှုထောင့်တစ်ခုဖြင့် ပုံသေစားသုံးနေရသည်။
ထမင်းစားပြီးသည့်နောက်
ကျွန်တော် အင်္ဂလိပ်စာနှင့် ဂျပန်စာ သင်ယူရမည်။ ကျွန်တော့်ရဲ့
အောင်မြင်မှုတွေဟာ ကမ္ဘာတ၀ှမ်းလျှမ်းလျှမ်းတောက်နေပြီမို့ သီချင်းစာသားတွေကို
မြန်မာဘာသာနဲ့သာမက အင်္ဂလိပ်သီချင်း၊ ဂျပန်သီချင်းစသည်ဖြင့်
အသံသွင်းနိုင်ရန် ထပ်ဆင့်ကြိုးပမ်းခြင်းပင်။ နှစ်နာရီခန့် ဘာသာစကားတွေကို
သင်ပြီးသည့်နောက်တော့ ကျွန်တော်အကကျင့်ရတော့မည်...။
ပေါ့ပ်အကကို
ကျွန်တော်ကောင်းကောင်းကျွမ်းပေမယ့် ဒီနောက်ပိုင်း ဟစ်ဟော့ပ်နှင့်
အန်ဒါဂရောင်း တွေကို လူကြိုက်များတာကြောင့် ကျွန်တော့်သီချင်းတွေထဲ
ထည့်ချင်နေမိသည်။ တခါတခါ ထိုအကတို့က ကိုယ်အင်္ဂါအစိတ်အပိုင်းတွေအတွက်
အန္တရာယ်ရှိတာကြောင့် ဆရာနှင့် သေချာကျင့်ရသည်။ အကကျင့်ပြီးတော့ အချိန်က
ညနေပိုင်း ငါးနာရီထိုးနေပြီ..။ ကျွန်တော့်အစီအစဉ်အရ ဒီနေ့ည လေယာဉ်ဖြင့်
တိုကျိုရှိုးပွဲအတွက် ထွက်ခွာရမည်..။ လေယာဉ်ချိန်က ည ရှစ်နာရီခွဲ..။
အချိန်သိပ်မရှိတော့...။
ကျွန်တော်
မိနစ် ၂၀ လောက်ရေခဏကူးလိုက်ပြီး ရေချိုးလိုက်သည်။ အဲဒီနောက် ကျွန်တော့်ရဲ့
ကိုယ်ပိုင်ဒီဇိုင်နာက ကျွန်တော်ဝတ်မည့်အ၀တ်အစားကို ၀တ်ပေးပြီး
စိတ်တိုင်းကျမကျ ပြင်ဆင်ရသည်။ အားလုံးစိတ်တိုင်းကျ ပြင်ဆင်ပြီးတော့ ၇
နာရီထိုးနေပြီ..။ ညစာကို ကမန်းကတန်းစားသောက်လိုက်ပြီး
လေဆိပ်သို့ထွက်ခွာလာခဲ့သည်။ ကမ္ဘာ့ယဉ်ကြောအရှုပ်ထွေးဆုံး မြို့ကြီးများထဲမှ
တစ်မြို့ဖြစ်သည့် ရန်ကုန်မြို့ကို ဖြတ်သန်းကာ သွားရသည့်အတွက်
အချိန်အလွန်ကုန်သည်။ ကားထဲမှာ ထိုင်နေရင်းမှ တီဗွီဖန်သားပြင်တွင် ပေါ်လာသည့်
သတင်းကို ကြည့်နေမိသည်။
ကျွန်တော်လေဆိပ်က
ထွက်ခွာမည့်သတင်းက ဘယ်နားကဘယ်လို ပေါက်ကြားသွားသည်မသိ။ ကမ္ဘာ့အကြီးဆုံး
လေဆိပ်ဖြစ်သည့် ရန်ကုန်နိုင်ငံတကာလေဆိပ်ရဲ့ ဂိတ်ပေါင်း
တစ်ရာကျော်ရှိသည့်အနက် ကျွန်တော်ဝင်မည့်ဂိတ်ကို တပ်အပ်သိနေကာ
လာရောက်စောင့်စားနေသည့် ပရိသတ်ပေါင်းအင်အား တစ်သောင်းရဲ့ သတင်းကြောင့်
ကျွန်တော်ခေါင်းနပန်းကြီးသွားသည်။ မန်နေဂျာကိုပေါ့ရော့မှုကြောင့်
အပြစ်တင်ကျိန်းမောင်းရင်း အရေးပေါ် ပရက်စ်ရှိုးတစ်ခုကို
စီစဉ်ခိုင်းလိုက်မိသည်။
လေဆိပ်ကိုကားလည်းဆိုက်ရော
လူတွေအုံလာကြသည်။ ကျွန်တော်၏ ရှုံ့မဲ့ကာ ပင်ပန်းနေသော မျက်နှာကြောင့်
မန်နေဂျာက `လူကြီးမင်း.. အပြုံးလေး..` ဟု သတိပေးသည်။
ကျွန်တော်မာန်တစ်ချက်သွင်းလိုက်ကာ အပြုံးလေးတစ်ခုကို
နှုတ်ခမ်းပေါ်တင်လိုက်သည်။ ပြီးတော့ ကျွန်တော့်ရဲ့ ပင်ပန်းနေမှုနဲ့
စိတ်ရှုပ်ထွေးမှုတွေက မျက်လုံးပေါ်မှာ ပေါ်တတ်တာကြောင့် နေကာမျက်မှန်ကို
ကောက်တပ်လိုက်ပြီး ကျွန်တော်ကားထဲမှ ထွက်လိုက်သည်။
ကျွန်တော့်နာမည်ကို
တကြော်ကြော်အော်ကာ အားပေးနေကြသော ပရိသတ်များကို အပြုံးလေးဖြင့်
လက်ပြနှုတ်ဆက်ရင်း လေဆိပ်ခန်းမမှာ ၅ မိနစ်ခန့် ကျွန်တော်စကားပြောလိုက်ရသည်။
အသံဝင်မတတ် အော်နေသော တချို့ကောင်မလေးများကိုကြည့်ရင်း ကျွန်တော့်ရဲ့
ပင်ပန်းမှုတွေ ပျောက်သွားချင်နေသည်။ ဒီလိုဘ၀ကို လိုချင်လို့
ဒီလိုဖြစ်အောင်ကြိုးစားလာခဲ့ကာမှ ဘာလို့များ
ကျွန်တော်မပျော်ရွှင်နေတာပါလိမ့်..။
ဘိုးအင်းလေယဉ်ကြီး၏
အထူးခန်းမှာ လိုက်ပါလာရင်း ကျွန်တော်စိတ်လက်ပေါ့ပါးသွားမိသည်။
သက်ပြင်းလေးကို မှုတ်ထုတ်လိုက်ရင်း အိပ်ဖို့ကြိုးစားနေဆဲ
မန်နေဂျာကမ်းလိုက်သော သတင်းစာကြောင့် စိတ်တွေ ပြန်လေးသွားပြန်သည်။
မနက်ဖြန်မနက် ကျွန်တော်ရောက်မည့်အချိန်ကို ကြိုသိနေသည့် ဂျပန်ပရိသတ်များ
နရိတ လေဆိပ်တွင် အခုအချိန်ကတည်းက လာရောက်စောင့်စားနေကြကြောင်း၊
အခုလက်ရှိတွင် အင်အား ငါးထောင်ခန့်ရှိနေပြီး လေယာဉ်ဆိုက်မည့် မနက်တွင်
အင်အားပေါင်း ဆယ်ဆခန့်အထိ တိုးမြင့်ဖွယ်ရှိကြောင်း၊ ယခုဆိုလျှင်
လုံခြုံရေးဆိုင်ရာ ရဲတပ်ဖွဲ့ဝင်အင်အားများစွာ စောင့်ကြပ်နေရကြောင်း...
သတင်းများ..သတင်းများ..။ ကျွန်တော်စိတ်ညစ်သွားသည်။ ဖြစ်နိုင်လျှင်
ကျွန်တော်တိတ်တဆိတ်လေး တစ်ယောက်တည်း ခဏလောက်နေချင်နေမိသည်။
အောင်မြင်မှုဟာ
ဘာအတွက်လည်းဆိုတာကို ကျွန်တော်နားမလည်တော့ပါ။ ဟိုးအရင်ကတော့
ဒီအောင်မြင်မှုအတွက် ကျွန်တော်အသည်းအသန်ကြိုးစားခဲ့ရသည်။
လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အရာတွေ၊ စတေးခဲ့ရသည့်အရာတွေ။ အခု
ဒီအောင်မြင်မှုဆိုတာကို ပိုင်ဆိုင်နေသည့်အချိန်မှ ဘာကြောင့်
ကျွန်တော်မပျော်ပိုက်တာပါလိမ့်...။ မှိတ်ထားသော မျက်လုံးလေးထဲမှာ
ကျွန်တော်မျက်ရည်ဝဲနေမည် ထင်ပါသည်။ ကျွန်တော့်အာရုံထဲမှာတော့ တချိန်က
သူငယ်ချင်းတွေနဲ့ လွတ်လပ်စွာ ပျော်ပါးခဲ့ပုံများ၊ ဖေဖေမေမေတို့နဲ့
အတူတူပျော်ရွှင်ခဲ့ရပုံများ တခုပြီးတခု ပြန်လည်အသက်ဝင်နေမလား...။
အအောင်မြင်ဆုံး အနုပညာရှင်တစ်ယောက်ရဲ့ နောက်ကွယ်မှာ ကျရှုံးမှုကလည်း
အဆုံးထိရှိနေသည်ဆိုတာကို ကျွန်တော့်ပရိသတ်တွေ သိနိုင်လေမလား...။
သေချာတာကတော့ မနက်ဖြန် တိုကျိုလေဆိပ်မှ ပရက်ရှိုးတွင်
ကျွန်တော့်နှုတ်ခမ်းပေါ်မှာ အပြုံးတုလေးတစ်ခုတော့ ရှိနေဦးမှာပင်..။
No comments:
Post a Comment
မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။