ဂျူတီကုတ်အဖြူရောင်လေးကို
ဝတ်ဆင်ပြီး ကျွန်တော်မှန်ရှေ့တွင် ရပ်လိုက်သည်။ ကျွန်တော့်ရဲ့ ဖြူဝင်းသော
အသားဟာ ဒီကုတ်လေးနဲ့ အလွန်လိုက်ဖက်နေပြီး နားကြပ်ကလေးနှင့်
ကျွန်တော်ဆရာဝန်တစ်ယောက် ဖြစ်ခဲ့ပြီ။ ကျွန်တော် အတက်ချီကေ့စ်လေးကို ဆွဲပြီး
အိမ်ရှေ့သို့ထွက်လာခဲ့သည်။ ကျွန်တော့်ရဲ့ ကားပြာလေးကို ဖြေးညင်းစွာ
မောင်းနှင်ရင်း ကျွန်တော်တာဝန်စကျမည့် ဆေးရုံသို့ ထွက်ခွာလာခဲ့သည်။ ကားကို
ကမ်းရိုးတန်းလမ်းအတိုင်းမောင်းနှင်လာရင်း ပင်လယ်လေကို တ၀ရှူမိသည်။
ကြည်လင်ပြာနှမ်းနေသော ပင်လယ်ပြင်ကိုကြည့်ရင်း ကျွန်တော့်ရင်ထဲ
ဆို့နှစ်မိသည်။ အလွမ်းတွေက နှလုံးသားဆီသို့ ဦးတည်လာပြန်ပြီလား...။
ကျွန်တော့်အာရုံမှာ
မျက်ရည်စတွေနဲ့ နွယ့်ကို ပြန်မြင်ယောင်လာသည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က
မြန်မာနိုင်ငံရဲ့ နယ်မြို့လေးတစ်မြို့မှာပေါ့.....။
......................
ဒီမြို့လေးက
ကျွန်တော့်အတွက် စိမ်းလွန်းနေသည်။ မေမေတာဝန်ကျရာ နေရာတိုင်းကို
လိုက်လံပြောင်းရွှေ့ ရတတ်သည့် ကျွန်တော့်အတွက် ကျောင်းလည်း ခဏခဏ
လိုက်ပြောင်းရသည်။ လမင်းသော်လို့ခေါ်တဲ့ ကျွန်တော့်ဘ၀မှာ လရောင်အဖြစ်
အုပ်မိုးပေးနိုင်တာ မေမေပဲ ရှိသည်။ ဟုတ်ပါသည်။ ဒီမိသားစုလေးမှာ မေမေရယ်
ကျွန်တော်ရယ် နှစ်ယောက်ထဲပေါ့...။ မေမေက ကျောင်းဆရာမတစ်ဦးဖြစ်လို့
မေမေပြောင်းတဲ့ ကျောင်းလေးမှာပဲ ကျွန်တော်ရှစ်တန်းစတက်ခဲ့သည်။
အတန်းထဲကို
စ၀င်တော့ သူငယ်ချင်းများအားလုံးကို ကျွန်တော်နှစ်လိုဖွယ်
ပြုံးပြလိုက်ပါသည်။ ကျွန်တော်ပြုံးလိုက်လျှင် ပါးချိုင့်နှစ်ခုက
ထင်းကနဲပေါ်သည်မို့ ကျွန်တော့်ကို မျက်နှာချိုသည်ဟု
လူအတော်များများပြောတတ်ကြသည်။ အဲဒီပထမဆုံးနေ့မှာပဲ သူငယ်ချင်းတွေအားလုံးနဲ့
ကျွန်တော်ခင်မင်ပြီး နွယ်နှင့်ပါ ခင်မင်ခဲ့သည်။
နွယ်ဆိုသည့်
ကောင်မလေးက အရမ်းကို ချစ်ဖို့ကောင်းသည့် ကောင်မလေးတစ်ယောက်ဖြစ်သည်။
အသားဖြူဥနေပြီး ပြုံးလိုက်လျှင် ပါးနှစ်ဖက်ကို ဆွဲညစ်ပစ်ချင်စိတ်ပေါက်အောင်
ချစ်ဖို့ကောင်းသည်။ ဒီလိုနဲ့ပဲ နွယ်နဲ့ ကျွန်တော်သူငယ်ချင်းတွေ
ဖြစ်ခဲ့သည်။ နွယ်နှင့် ကျွန်တော်တို့ စာကျက်ဖော်ဖြစ်ခဲ့သည်။
တီဗွီကြည့်ဖော်၊ စကားပြောဖော်၊ ကစားဖော်အဖြစ်မှ ကျွန်တော်တို့နှစ်ယောက်
ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ ငယ်ရွယ်သေးသည့်ဘ၀မှာ ရည်းစားဘ၀ကို မည်သူ့ကိုမျှ
အသိမပေးရဲပဲ ကျွန်တော်တို့နှစ်ယောက် တိတ်တိတ်ကလေး ချစ်ခဲ့ကြသည်။
ဒီလိုနဲ့
ကျွန်တော်တို့တွေ ဆယ်တန်းကို အတူတူဖြတ်သန်းခဲ့ကြပြီး ကျွန်တော်က ဂုဏ်ထူး
ငါးလုံးနှင့် နွယ်က ဂုဏ်ထူးသုံးလုံး ပါခဲ့ကြသည်။ ထိုအောင်စာရင်းထွက်သည့်
ညနေခင်းတွင် နွယ်နှင့်ကျွန်တော် ကြေကွဲစွာ လမ်းခွဲခဲ့ကြသည်။
“နွယ်... ငါနိုင်ငံခြားထွက်တော့မယ်..”
“ဘာ... နင်နိုင်ငံခြားထွက်တော့မယ်. ဟုတ်လား....။ ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာလဲ.. နင်နောက်နေတာမလား...”
“ငါမနောက်ဘူး။
ငါအတည်ပြောနေတာပါ။ ငါ့ဘကြီးတစ်ယောက် အင်္ဂလန်မှာရှိတယ်။ သူ့ဆီကို
ငါလိုက်သွားရတော့မယ်။ ဟိုးအရင်ကတော့ ဒါတွေဟာ
အဝေးကြီးမှာရှိသေးတယ်ဆိုပြီးတော့ နင့်ကို ငါအသိမပေးခဲ့ဘူး...။
ငါတို့နှစ်ယောက်ကြားက ပျော်ရွှင်မှုတွေကို ငါမဖျက်ဆီးရက်ဘူး။ နွယ်ရယ်..
ငါ့ကိုခွင့်လွှတ်ပါ...။ မမြင်ရတဲ့အနာဂတ်တခုမှာ နင်နဲ့ငါ ဆုံစည်းနိုင်ဖို့က
မသေချာတော့ဘူး။ နင်ငါ့ကို မေ့လိုက်ပါ နွယ်..”
“ဘာ..
နင့်ကိုမေ့ရမယ် ဟုတ်လား..။ လမင်း.. နင်အချစ်ဆိုတာကို အဲလောက်အထိ
အထင်မသေးနဲ့။ ငါ့အချစ်တွေကိုလည်း နင်မစော်ကားနဲ့...။ ဟိုးအရင်
နင်စပြောင်းလာကတည်းက နင့်အပေါ်ငါချစ်ခဲ့တဲ့ ငါ့အချစ်တွေ..။
မိန်းကလေးတစ်ယောက်အနေနဲ့ တွယ်တာခဲ့တာတွေ...။ ဒါတွေ နင်သိမှာပါ... ။ ငါတို့
ချစ်ခဲ့တဲ့ နှစ်နှစ်ကျော်ဆိုတဲ့ကာလတွေမှာ နင့်အပေါ်ငါ ဘယ်လောက်အနွံတာခံ
လုပ်ပေးခဲ့တယ်ဆိုတာ နင်သိရဲ့နဲ့ နင်ဒီစကားတွေ ပြောထွက်ရက်တယ်...။ အံသြတယ်
လမင်းရယ်...”
“ငါသိပါတယ်
နွယ်ရယ်...။ ဒါပေမယ့် အချစ်ထက်အရေးကြီးတာတွေ ဘ၀မှာ အများကြီးပဲလေ...။
ဘ၀တစ်ခုမှာ အချစ်နဲ့တည်ဆောက်လို့ ပြီးပြည့်စုံတယ်မှ မရှိတာ..”
“ကဲ..
ကောင်းပြီ။ ဒါဆို နင်နိုင်ငံခြားထွက်မယ်..။ ဘယ်လောက်ကြာမလဲ..။ ငါးနှစ်လား
ဆယ်နှစ်လား.။ ငါနင့်ကို စောင့်နေနိုင်ပါတယ် လမင်းရယ်... နင့်ကို ငါမှ
မမေ့နိုင်တာ..”
ကျွန်တော့်ရင်တွေ ဆို့နှစ်နေသည်။
“နင်ငါ့ကို
စောင့်နေနိုင်ပေမယ့် ငါနင့်ကို လက်မထပ်နိုင်ဘူးလေ...။ နင့်ကို
လက်မထပ်နိုင်တဲ့ ယောက်ျားတစ်ယောက်ကို နင်အချိန်ကုန်ခံစောင့်မနေပါနဲ့လေ...”
နွယ့်နှုတ်ခမ်းတို့
လှုပ်ရှားနေလေသည်။ နွယ် တသိမ့်သိမ့်ငိုကြွေးနေသည်ကို မြင်တော့
ကျွန်တော်မျက်နှာလွဲမိသည်။ ဟိုးအရင်က နွယ်မျက်ရည်ကျတိုင်း
ကျွန်တော့်လက်ဖ၀ါးလေးတွေနဲ့ သုတ်ပေးကာ ရင်ခွင်ထဲထည့်သိပ်နေကျမို့ အခုလည်း
ကျွန်တော် နွယ့်မျက်ရည်လေးတွေကို သုတ်ပေးချင်သည်။ နွယ်အားရပါးရငိုရင်း
မော့ကြည့်လာတော့ နွယ့်မျက်နှာလေး ရဲတွတ်နေသည်။ မျက်လုံးလေးတွေ
အစ်မို့နေသည်။
“လမင်းရယ်..
ခဏလောက်ပဲဖြစ်ဖြစ် နင့်ပခုံးပေါ်မှာမီခွင့်ပြုပါဟာ..။ ငါ့ကိုလက်မထပ်ချင်တဲ့
ယောက်ျားတစ်ယောက်ကိုမှ ငါကချစ်နေမိခဲ့ပေမယ့် သူငယ်ချင်းတစ်ယောက်အနေနဲ့
နင်ငါ့ကို ခဏလောက် ဖက်ထားပေးပါဟာ...”
ကျွန်တော်လက်တွေ
တုန်ရီစွာဖြင့် နွယ့်ကိုယ်လုံးလေးကို ဖက်ထားမိသည်။ ကျွန်တော့်တိတ်တိတ်ကလေး
ရှိုက်ပြီး ငိုနေတယ်ဆိုတာကို နွယ့်ကို မသိစေချင်လို့ ကျွန်တော့်မျက်နှာကို
အပေါ်ကို မော့ထားလိုက်မိသည်။ နွယ်ရယ်... ဘာလို့ နင့်ကို
လက်မထပ်နိုင်တာလဲဆိုတာကို ဘာလို့များ မမေးတာလဲဟင်...။ ထိုနေ့ညနေခင်းလေးဟာ
တိမ်ရောင်ဆည်းဆာများဖြင့် သိပ်ကိုလှပခဲ့ပေမယ့် ထိုနောက်ခံဖြင့်
ချစ်သူနှစ်ဦးမှာ ကွဲကွာခဲ့ရတော့သည်။
...........
ချစ်ရတဲ့ နွယ်
လမင်းသော်ဆိုတဲ့ကောင်ကို
နင်အခုတော့ သိပ်ကိုမုန်းနေမှာပဲနော်...။ တကယ်တော့နွယ်ရယ်...
ဟိုးငယ်ငယ်လေးကတည်းက ငါတစ်ယောက်တည်း ကြိတ်ကြိတ်ငိုခဲ့ရတဲ့နေ့တွေ၊ ငါတို့
သားအမိနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ဖက်ရင်းနဲ့ ကြေကွဲခဲ့ရတဲ့နေ့တွေ နဲ့
ဖြတ်သန်းခဲ့ရတယ်ဆိုတာ ငါနင့်ကို မပြောပြရက်ခဲ့ဘူး။
ငါအသက်
ရှစ်နှစ်မပြည့်ခင်အထိ ငါ့မှာ ငါအရမ်းချစ်တဲ့ဖေဖေရှိတယ်။ ငါနဲ့
ရုပ်ချင်းအရမ်းဆင်တဲ့ ငါ့အမြွာအစ်ကို နေမင်းရှိခဲ့တယ်။
ငါတို့မိသားစုလေးယောက်ဟာ အရမ်းကို ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုဘ၀ကို
တည်ဆောက်ခဲ့ကြတယ်။ ဖေဖေက သစ်တောက စာရေးတစ်ယောက်။ မေမေ့ဘက်က ချမ်းသာပေမယ့်
ဖေဖေ့ကို ချစ်တဲ့စိတ်နဲ့ ဆရာမတစ်ယောက်အဖြစ် ဖေဖေ့နောက်ကို လိုက်ပါခဲ့တာက
မေမေ။ ငါတို့နေခဲ့တဲ့နေရာလေးက
လူနေအိမ်ခြေသိပ်နည်းတဲ့ဒေသလေးတစ်ခုမှာပေါ့...။
တစ်နေ့မှာ
ဖေဖေနဲ့ နေမင်းတို့နှစ်ယောက် အရမ်းကို အပြင်းဖျားကြတယ်..။ ငါတို့မှာ
အားကိုးစရာဆိုလို့ ၁၀ မိုင်လောက်ဝေးတဲ့ မြို့ငယ်လေးမှာ
ဆရာဝန်တစ်ယောက်ပဲရှိလို့ သူ့ဆီကို အမြန်ဆုံးပြေးကြရတယ်။ အဖျားတွေက
တအားကြီးတာကြောင့် အသက်ကိုပါစိုးရိမ်လွန်းလို့ ငါနဲ့ မေမေ မျက်ရည်တွေနဲ့
ပူဆွေးခဲ့ရတယ်..။ ဒါပေမယ့် အဲဒီဆရာဝန်အိမ်ကိုရောက်တော့ ဘယ်လိုမှ
ခေါ်လို့မရဘူး...။ ဘယ်လိုခေါ်ခေါ် ဘယ်သူမှ ထမလာဘူး...။ နောက်ဆုံး မေမေနဲ့ ငါ
အော်ဟစ်ငိုယိုပြီး တောင်းပန်ခေါ်တယ်..။ အဲဒီမှာ လူတစ်ယောက်ထွက်လာပြီးတော့
“ဒါဆေးခန်းဖွင့်ချိန်မဟုတ်ဘူး..။ ဒါအိပ်ချိန်” လို့ပြောပြီး
တံခါးပြန်ပိတ်သွားတယ်..။ အသိမိတ်ဆွေမရှိတဲ့ တောကြီးအလည်မှာ ငါနဲ့မေမေ
ရူးမတတ်ခံစားခဲ့ရတယ်...။ အသက် ရှစ်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ နှလုံးသားထဲမှာ
ဝေဒနာကြီးစွာ ခံစားနေရတဲ့ ဖေဖေနဲ့ အစ်ကို့ကို ကြည့်ရင်း ငါရင်တွေ
တအားနာတယ်..။
နောက်တစ်နေ့တော့
ဖေဖေရော နေမင်းရော ဆုံးသွားကြတယ်...။ ငါလေ.. ငါနဲ့ရုပ်ချင်းအရမ်းတူတဲ့
နေမင်းကိုလည်း တအားချစ်တယ်..။ ဖေဖေ့ကိုလည်း တအားချစ်တယ်..။
ဆေးခန်းဖွင့်ချိန်မဟုတ်လို့ ဆေးထမကုပေးတဲ့ဆရာဝန်ကိုလည်း တအားမုန်းတယ်...။
အဲဒီနောက် ငါဆုံးဖြတ်ချက်တစ်ခု ချမိတယ်..။ တနေ့မှာ ငါဟာအလွန်တော်တဲ့
ဆရာဝန်တစ်ယောက်ဖြစ်ရမယ်။ အဲဒီဘွဲ့ကို ဒီနိုင်ငံမှာမယူပဲ နိုင်ငံခြားက
ယူမယ်လို့ ငါဆုံးဖြတ်ချက်ချခဲ့တယ်..။
ဒါပေမယ့်
နွယ်ရယ်..။ ငါ့ဘ၀ရည်မှန်းချက်ပြည့်ဖို့ နှစ်တွေ ဘယ်လောက်ကြာမယ်ဆိုတာကို
ငါမသိဘူး။ ငါကိုယ်တိုင်မသိသလို နင့်ကိုလည်း မစောင့်စေချင်ဘူး...။
အဲဒါကြောင့် နင့်ကို ငါလွတ်လပ်ခွင့်ပေးခဲ့တာပါ နွယ်...။ ဒီကြားထဲမှာ
နင်ဘယ်သူ့ကို ချစ်ချစ်။ ဘယ်သူနဲ့ပဲ လက်ထပ်လက်ထပ်..။ ငါကျေနပ်နေမှာပါ...။
ငါ့နှလုံးသားက နင့်ကိုချစ်ခွင့်ရခဲ့တာကိုပဲ ငါကျေနပ်လွန်းပါပြီး
နွယ်ရယ်....
လမင်းသော်
........
မူရင်း နေ၀သန် ပြန်လည်မျှဝေ