ကျွန်တော်ဟာ
တကယ်ပဲ တဘ၀လုံးပျက်သုဉ်းသွားပြီလား ဆိုတာကို ဘယ်လိုမှ စဉ်းစားလို့
မရတော့ပါ။ သေချာတာကတော့ အရှက်တွေနဲ့ ခေါင်းမဖော်နိုင်အောင်
ခံစားနေရတာပါပဲ...
ဝသန်
ဝသန်ဆိုတဲ့
ကျွန်တော့်မှာ သိပ်ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့သည်။ `သီဟ`
လို့ခေါ်တဲ့ သူနဲ့ ၀သန်ဆိုတဲ့ ကျွန်တော်တို့ဟာ ဟိုးငယ်ငယ်လေးကတည်းက
ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်းတွေပေါ့..။ အိမ်နီးနားချင်း တဖြစ်လည်း
မိသားစုချင်းရင်းနှီးကာ သူငယ်တန်းမှ ဆယ်တန်းအထိလည်း အတူတူကျောင်းတက်ဖက်
ဖြစ်ခဲ့သည်။ ကျွန်တော်တို့ နှစ်ယောက်လုံး တစ်ဦးတည်းသော
သားများဖြစ်နေခြင်းက ကျွန်တော်တို့ကြားက ချစ်ခြင်းကိုပိုပြီး
ခိုင်မာစေခဲ့လေသလား...။ ညီအစ်ကိုအရင်းလို ချစ်ခင်ရင်းနှီးခဲ့ကြလေသည်..။
ဝါသနာတူ
အကျင့်စရိုက်တူနေတတ်ကြသည့် ကျွန်တော်တို့နှစ်ယောက်မှာ မတူညီတာက သီဟက
အမြဲတမ်း ကျွန်တော့်ထက် တော်နေခြင်းပါ...။ ဘာပဲလုပ်လုပ် သီဟကို
ကျွန်တော်မမီခဲ့...။ ဟိုးငယ်စဉ်တုန်းက ကျွန်တော်တို့ နှစ်ယောက် တချိန်ထဲမှာ
အတူတူစက်ဘီးစီးသင်ခဲ့ကြသည်။ တူညီသော သင်ရိုးအောက်မှာ သီဟက ကျွန်တော့်ထက်
စောစွာတတ်မြောက်ခဲ့သည်..။ ရေကူးကန်မှာ ရေကူးသင်တိုင်း သီဟတတ်ပြီးမှ
ကျွန်တော်တတ်သည်..။ သီဟမရှိသောအချိန်များတွင် သူများတွေထက်
ကျွန်တော်သာလွန်သော်လည်း သီဟကိုတော့ ဘယ်တော့မှ မသာလွန်ခဲ့ပါ...။
စာကျက်တိုင်းလည်း
အတူတူကျက်ကြသည်။ အတူတူအိပ်ကြသည်။ ထွက်လာသည့်အဖြေကတော့ သီဟ ပထမပါပဲ...။
အမှန်အတိုင်းဝန်ခံရပါက သီဟကို ကျွန်တော်တစ်ကြိမ်လောက် သာလွန်ဖူးချင်သည်။
ဒီ့အတွက်လည်း ကျွန်တော်တတ်နိုင်သလောက် ကြိတ်ပြီး ကြိုးစားတတ်ခဲ့သည်..။
သို့သော် ထိုနေ့သည် ကျွန်တော့်သမိုင်းမှာ တခါမှ မဖြစ်ပေါ်သေးသော
နေ့တစ်နေ့ပင်ဖြစ်ခဲ့သည်။
ကျွန်တော်ကျေနပ်တာတစ်ခုတော့ရှိသည်။
ချောမောသည့် ဖေဖေနှင့် မေမေ့ရဲ့သားဖြစ်သည့် ကျွန်တော်က
သီဟထက်ပိုကြည့်ကောင်းနေခြင်းပါ...။ ဒါပေမယ့် ဒီချောမောမှုတွေက
ပြုံးချိုနေသောသီဟမျက်နှာကို မကျော်လွှားနိုင်မှန်း
ကျွန်တော်တဖြည်းဖြည်းသိခဲ့သည်..။ သူငယ်ချင်းတွေက ကျွန်တော့်ထက် သီဟကို
ပိုခင်တတ်ကြသည်။ ဆရာဆရာမတိုင်းကလည်း မျက်နှာချိုသော သီဟကိုပိုလို့
အလေးပေးခဲ့ကြသည်...။ ကျွန်တော် မနာလိုမဖြစ်ပါ...။ သီဟသည် ကျွန်တော်၏
တစ်ဦးတည်းသော အခင်ဆုံး၊ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ဖြစ်သလို
ညီအစ်ကိုလိုခင်မင်ရသူလည်းဖြစ်သည်။ ဘယ်နေရာမှမဆို အစစအရာရာ သာလွန်နေသည့်
သူငယ်ချင်းရဲ့ အောင်မြင်မှုကို ကျွန်တော်ဂုဏ်လည်းယူပါသည်...။ သို့သော်
သီဟကို တစ်ခါလောက်တော့ နိုင်ဖူးချင်သည့် ယုတ်မာသည့်စိတ်ဓါတ်တစ်ခုကိုတော့
ကျွန်တော်စိတ်မကောင်းစွာ ပိုင်ဆိုင်နေသည်...။
ကျွန်တော်တို့နှစ်ယောက်
ဆယ်တန်းအောင်တော့ မန္တလေးဆေးတက္ကသိုလ်မှာ အတူတူပဲ ၀င်ခွင့်ရခဲ့သည်။
ကျောင်းစတက်သည့် ပထမနှစ်မှာပဲ ကြည်ပြာဆိုသည့် ကောင်မလေးတစ်ယောက်ကို
စတွေ့ခဲ့ကြသည်။ သိပ်ကို ဖြူစင်ပြီး ချစ်ဖို့ကောင်းလွန်းသည့်
ထိုကောင်မလေးကို ကျွန်တော်တို့နှစ်ဦး တူညီစွာ ချစ်နေမိခဲ့သည်။ ကျွန်တော်
ကြည်ပြာ့ကို သိပ်ချစ်သည်။ မြတ်နိုးသည်။ ဘယ်လိုမှ မခွဲနိုင်သည့်
တွယ်တာမှုဖြင့် ချစ်နေခဲ့ပြီ ဆိုတာကို သိလိုက်သောတစ်နေ့ သီဟကို
ကျွန်တော်နိုင်မှ ဖြစ်မည်။ ကျွန်တော့်ထက်ဦးကာ ကြည်ပြာ့အချစ်ကို
သီဟပိုင်ဆိုင်သွားမှာကို ဘယ်လိုမှ မခံစားနိုင်...။
အဲဒီနေ့က
ပထမနှစ်ကျောင်းပြီးလို့ ပြင်ဦးလွင်ကို ပြန်လာသည့်နေ့...။ ဆပ်ပလီမထိပဲ
စာမေးပွဲဖြေလာနိုင်သည့်အတွက် ကျွန်တော်တို့ သိပ်မြတ်နိုးသည့် DT ဆိုင်ကယ်
တစ်ယောက်တစ်စီးစီ ၀ယ်ပေးသောနေ့...။ အဲဒီနေ့က သီဟနဲ့
ကျွန်တော်မျက်နှာချင်းဆိုင်ကာ ရှင်းမိသည်။ ကြည်ပြာ့အချစ်ကို ရယူနိုင်ဖို့
တစ်ယောက်ယောက်က နောက်ဆုတ်ပေးမှ ဖြစ်မည်...။ သီဟလည်း မလျှော့သလို
ကျွန်တော်လည်း မလျှော့...။ အဆုံးအဖြတ်က ကျွန်တော်တို့ရဲ့
ဆိုင်ကယ်ပြိုင်ပွဲလေးပေါ်မှာ မူတည်နေတော့သည်။
လူခြေတိတ်သည့်
လမ်းလေးတစ်နေရာတွင် ပြိုင်ပွဲလေးကို စတင်ကျင်းပခဲ့သည်။
အပွင့်လင်းဆုံးဝန်ခံပါက ကလပ်ဘီးတွေကို သီဟလောက် ကျွန်တော်မကျွမ်းကျင်တာတော့
အမှန်ပင်....။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က
မဟာအံ့ထူးကံသာဘုရားအခြေအထိ...။ အရင်ရောက်သောသူသည် ကြည်ပြာ့အချစ်ကို
ဆွတ်ယူရမည့်သူ.. ကျန်တစ်ယောက်က အနှောင့်အယှက်မပေးပဲ ဆုတ်ခွာပေးရမည့်သူ...။
ဒီလိုနဲ့ ကျွန်တော်တို့ ပြိုင်ပွဲလေးကို စတင်လိုက်ကြတော့သည်...။
ပြိုင်ပွဲစတော့
ကျွန်တော်ဝူးကနဲပဲ ဆိုင်ကယ်ကိုမောင်းထွက်လိုက်နိုင်သည်။
အချိန်တော်တော်ကြာကြာအထိ သီဟကို ကျွန်တော်ဦးဆောင်နိုင်ပေမယ့်
တဖြည်းဖြည်းဖြင့် ကျွန်တော့်ကို သီဟကျော်တက်သွားသည်...။ ဘယ်လိုမှ
ပြန်မကျော်နိုင်တော့...။ ဒီလိုနဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ
ကျွန်တော်တို့နှစ်ယောက်က ပြိုင်ပွဲဝင်နေဆဲ....။ အဝေးပြေးလမ်း၏
အချိုးတနေရာအရောက်......
`၀ုန်းးးးးးးးး`
ဟူသော
အသံဖြင့် သီဟဆိုင်ကယ်ပစ်လှဲသွားသည်..။ မျက်နှာချင်းဆိုင်မှ
ကားတစ်စီးကိုရှောင်လိုက်ရင်း သီဟ ဘရိတ်အုတ်လိုက်မိပုံပေါ်သည်။
ပြင်းလွန်းသည့် အရှိန်ကြောင့်ပင်လားမသိ မရပ်တန့်သွားသော ဆိုင်ကယ်ကို
ကားနှင့်လွှတ်အောင် လမ်းဘေးသို့ကွေ့ချရင်း စလစ်ဖြစ်သွားခြင်းပင်...။ ဖွားကနဲ
ထွက်လာသော မီးပွင့်များ...။ ၀ုန်းကနဲ လွင့်ထွက်သွားသော သီဟ......။
အားလုံးဟာ တခဏအတွင်း ငြိမ်သက်သွားသည်...။ ကျွန်တော်အပြေးအလွှားပင် သီဟကို
ဆွဲထူလိုက်သည်...။ ဝေဒနာများကြားမှ သီဟကျွန်တော့်ကို တခဏစိုက်ကြည့်ရင်း
မေ့မျောသွားတော့သည်....။
အသက်အန္တရာယ်ကို
မထိခိုက်တော့ပါဘူး ဟူသော အသံကိုကြားရတော့ ကျွန်တော်နည်းနည်းတော့
စိတ်အေးသွားသည်...။ ဆေးရုံမှာ နှစ်ပတ်လောက်နေလိုက်တော့ သီဟသက်သာလာသည်။
အရင်လိုပဲ ပြုံးပြုံးရွှင်ရွှင်ဖြစ်လာသည်...။ သီဟစားဖို့ ပစ္စည်းတွေကို
မေမေနှင့်သာ ထည့်ပေးလိုက်ရင်း ကျွန်တော်ဆေးရုံကို သွားဖို့
အမျိုးမျိုးငြင်းဆန်မိသည်...။ ကျွန်တော့်ရင်ထဲမှာ သီဟအတွက် အရမ်းကို
စိုးရိမ်မိပေမယ့် သီဟကို မျက်နှာချင်းဆိုင်ဖို့ ခွန်အား
ကျွန်တော့်မှာမရှိပါ...။ မမေ့မျောခင်လေးမှာ ကျွန်တော့်ကိုကြည့်ခဲ့သည့်
အကြည့်ကို ကျွန်တော်ကောင်းကောင်းကြီး သဘောပေါက်သလို သီဟလည်း
ကောင်းကောင်းနားလည်မှာပါ...။
ဆေးရုံက
သီဟဆင်းလာလာချင်း ကျွန်တော့်ဆီ ပြေးလာတွေ့သည်..။ ဖက်လှဲတကင်းနှုတ်ဆက်ရင်း
ကျွန်တော့်ကို ဆေးရုံမလာသည့်အတွက် အပြစ်တင်ရင်း ကျွန်တော်တို့ ပျော်ရွှင်စွာ
စကားပြောခဲ့ကြသည်။ အရှက်တွေနဲ့ ပြည့်နေသည့် ကျွန်တော်တစ်ယောက်
သီဟမျက်နှာကို စေ့စေ့မကြည့်ရဲခဲ့တာကို သူသတိထားမိလေမလား....။
အဲဒီနောက်ပိုင်း ကြည်ပြာနှင့်ပတ်သက်လို့ ကျွန်တော်တို့ မပြောဖြစ်ခဲ့ကြ...။
ကျွန်တော်လည်း ကြည်ပြာ့ကို ကြိုးစားမေ့ဖျောက်ရင်း...၊ သီဟလည်း
စာကိုကြိုးစားရင်းဖြင့် ကျွန်တော်တို့နှစ်ဦး အတူတူပဲ
ဆရာဝန်ဖြစ်ခဲ့ကြသည်...။
လူတိုင်းရဲ့
အကြည့်၊ အမြင်တွေမှာ သီဟနဲ့ကျွန်တော့်ရဲ့ ဆက်ဆံမှုတွေဟာ
မပြောင်းမလဲပဲရှိနေကြမယ်လို့ ထင်နေကြမည်...။ တကယ်တော့
ကျွန်တော်တို့နှစ်ဦးကြားမှာ ဆက်ဆံရေးတွေ တမဟုတ်ချင်း
ပြောင်းလဲခဲ့တာကိုတော့ ကျွန်တော်တို့နှစ်ဦးပဲ သိခဲ့ကြသည်။
ကျွန်တော်တို့နှစ်ဦး အမြဲအတူတူစာကျက်သည်။ ပျော်ပွဲစားအတူတူထွက်ကြသည်...။
နှစ်အိမ်ကြား အမြဲကူးလူးထိတွေ့နေခဲ့သည်။ သို့သော် မ၀ံရဲမှု၊
မလုံခြုံမှုတွေကြောင့် သူ့မျက်နှာ..သူ့မျက်လုံးတွေကို
စေ့စေ့မကြည့်ရဲသောကျွန်တော်နှင့် စကားလုံးတိုင်းမှာ မာကျောမှုလေးတွေ
စွက်နေသော.. နူးညံ့ချိုသာမှုမှ မာကျောမှုသို့ကူးပြောင်းသွားသော
သီဟရဲ့စရိုက်...။ ဒါတွေဟာ ဘယ်လိုမှ ပြန်ကုလို့မရတော့သော
ပြစ်ချက်များပင်ဖြစ်ခဲ့သည်။
လွန်ခဲ့သော
လက ကျွန်တော်ဖိတ်စာတစ်စောင် လက်ခံရရှိခဲ့သည်။ ဒေါက်တာမြတ်သီဟနှင့်
ဒေါက်တာခင်ကြည်ပြာတို့ရဲ့ လက်ထပ်ပွဲဖိတ်စာ...။
ကျွန်တော်တိတ်တဆိတ်မျက်ရည်ကျမိသည်...။ ၀မ်းနည်းလို့မဟုတ်ပါ...။ သီဟအတွက်
သိပ်ကိုဝမ်းသာလို့ကျသော မျက်ရည်ပါ...။ သီဟနဲ့ ဆိုင်ကယ်ပြိုင်စဉ်က
ယုတ်မာတဲ့စိတ်နဲ့ ဘရိတ်ကြိုးကိုလျှော့ခဲ့သော ကျွန်တော့်ရဲ့ လုပ်ရက်တွေကို
သိနေပေမယ့် သူငယ်ချင်းအဖြစ်က မစွန့်လွတ်ခဲ့တဲ့ သီဟကို
ကျွန်တော်တသက်လုံးကျေးဇူးတင်နေမှာပါ..။ ကျွန်တော့်ရဲ့ ပြစ်ဒဏ်တွေအတွက်
ပွင့်လင်းစွာ ကျွန်တော်ဝန်မခံရဲခဲ့တာတွေဟာ သူရဲဘောကြောင်ခြင်းလို့
ခေါင်းစဉ်တပ်မယ်ဆိုရင် ကျွန်တော်သိပ်ချစ်ရတဲ့ ကြည်ပြာ့ကို
ကျွန်တော့်နှလုံးသားထဲက အရှင်လတ်လတ် ဆွဲထုတ်ခဲ့နိုင်တာကို သူရဲကောင်းလို့
ခေါင်းစဉ်တပ်လိုက်ရမည်လား...။
ဘာပဲပြောပြောပါ...
တိတ်တဆိတ်ကျူးလွန်ခဲ့သောအမှားများအတွက် တိတ်တဆိတ်ကြေကွဲခံစားရင်း
ဒီအပြစ်ဒဏ်တွေကို ကျွန်တော်တစ်ယောက် ခါးသီးစွာ ခံစားနေရပါဦးမည်...။
ကျွန်တော့်ရဲ့ နောက်ဆုံးထွက်သက်အထိ ဘယ်တော့မှပျောက်မသွားမယ့်
အရိပ်ဆိုးကြီးက တကောက်ကောက် လိုက်နေပါဦးမည်...။ သီဟတို့ ဇနီးမောင်နှံ
ရာသက်ပန်ပျော်ရွှင်သော မိသားစုတစ်ခု တည်ဆောက်နိုင်ပါစေလို့
အထပ်ထပ်အခါခါဆုတောင်းနေမိရင်း ဒေါက်တာဝသန်ဦးဆိုတဲ့ ကျွန်တော်ကတော့
နိုင်ငံရပ်ခြားတနေရာ၊ အခန်းကျဉ်းလေးထဲမှာ အထီးကျန်စွာ အပြစ်ဒဏ်တွေကို
ခံစားနေရဆဲပဲလေ.....။
စာကြွင်း။
။ ဤလောကအတွင်း မည်သည့်လူသားမဆို တိတ်တဆိတ်ကျူးလွန်ခဲ့သည့် အမှားများအတွက်
တိတ်တဆိတ်ပြန်လည်ပေးဆပ်ရမည်သာ..။ မကောင်းမှုဟူသည်မှာ ဆိတ်ကွယ်ရာမရှိ...။
မည်သူသိသိ မသိသိ ကိုယ့်အမှားအတွက် ကိုယ်တစ်ယောက်ကတော့ သိနေသည်။
ဝတ္ထုတို . နေ၀သန်
ဖတ်လို့ကောင်းပါတယ် ၊ စာသားလေးတွေ ဆက်စပ်မှူရှိတယ်.. လက်ရာတော့ မဆိုးလောက်ပါဘူး ၊
ReplyDelete