Subscribe:

Monday 19 November 2012

အချစ်လမ်း

ဆရာ မောင်လှမျိုး ရဲ့ ကဗျာလေးကို ပြန်လည် တင်ပြထားတာပါ


မင်းကလွဲပြီး(ငါ့အတွက်) တခြားသူ
မလိုအပ်တော့သလို
ငါကလွဲပြီး(မင်းအတွက်)တခြားသူ
မလိုအပ်တော့ဘူးဆိုတာ၊
သိသာ ခံစားကြရုံနဲ့
တို့နှစ်ဦးရဲ့ …လမ်း
ဖြောင့်ဖြူးမယ်…လို့၊ထင်သလား။
ကြားလေသွေ့လို့
ဝေးခဲ့ကြရသူတွေ…အများကြီးကြား
တို့နှစ်ဦးသား၊ သာသာယာယာ
ချစ်နေကြတာကို၊
တစ်ချို့က လိုလားဝမ်းသာ
တချို့က မလိုလား…မရှုစိမ့်
တချို့က အားကျပျှော်ရွှင်
တချို့က ကြားက၊ …လော်သည်ဖော်ပြား၊
မလိုတမာ မောက်မှားစိတ်မျိုး
ထားချင်လည်း၊ ထားနေကြလိမ့်မယ်။
အကျိုးလိုလား၊ သလိုလိုနဲ့
အဆိုးကိုအားပေး သစ္စာထား တေးသံထဲကို

သံကြောင်းဂီတ မပီမသလေးတွေ
ရောမွှေထားသလို၊
မမောစသလိုလိုနဲ့…အပြေးခိုင်း
မပန်းစေသလိုလိုနဲ့…အထမ်းခိုင်း
မခိုင်းသလိုလိုနဲ့ …အစေလွှတ်
မလွှတ်သလိုလိုနဲ့ …နောက်ကျောတွန်း
မတွန်းသလိုလိုနဲ့…တွဲယှက်ပို့
မပို့သလိုလိုနဲ့…အရောက်လှော်း
တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့
သစ္စာနှစ်ကိုယ်အကြား
ခါးခါးသက်သက်၊ ဓါးထက်ထက်တွေ…
မြားချက်တွေလို…၀ိုင်းရံ့
မင်း… ဘာနဲ့ခုခံမလည်း ချစ်သူ။
အမှားကို သိရုံနဲ့ အမှား…မထိဘူး…လို့
မထင်လေနဲ့။
အမှန်ကို လုပ်ရဲရုံနဲ့
အမှားတွေ…နည်းသွားမယ်…လို့၊
မမြင်လေနဲ့...
မှန်တဲ့လူကို ၊ မှားတဲ့လူက
မုန်းတတ်တယ်။
ရှုံးနေမှ…ပျော်၊ ငိုနေမှ…သဘောကျ
လောကရဲ့  အဓမ္မ သဘောကြားမှာ
မျောပါသွားလာသူတွေ အနက်
အပျော်သက်သက် ကိုသာလိုလား၊
အမှားသက်သက်ကိုသာ…အားပေး၊
အကုသိုလ်လက်ရေးနဲ့
ဘာဘေးကိုမှ မကြေက်ဘဲ…
အပါယ်လမ်းကို လျှောက်ရဲတဲ့
မာရ်နတ်ရဲ့ ၊ နောက်တွဲအဖော်တွေ…
ရှိနေတတ်ပေတယ်။

မှန်တိုင်း…မခိုင်
ခိုင်တိုင်း…မမတ်
မတ်တိုင်း…မမြင့်
မြင့်တိုင်း…မတင့် တဲ့။
လောကရဲ့ သဘာဝဆိုးတွေကြားမှာ၊
အမှန်တန်းခိုးအားငယ်
အမှန်အင်အား၊ မှောက်လဲ
ဒဏ်ရာတွေနဲ့၊ ပေါက်ပြဲတဲ့အခါ…
ရဲရဲရင်ဆိုင်မယ်…တို့…(နှစ်ယောက်တည်း)
ဘ၀ကို ဆုပ်ကိုင်ပြီး
ယှဉ်ပြိုင်ကြမယ်…ချစ်သူ။
ညကိုကြုံတိုင်း…မီးမထွန်းနဲ့
အမှောင်ထဲမှာ တိတ်တိတ်နေ၊
လကိုမြင်တိုင်း၊ မင်း…မပျော်နဲ့
အကာလထဲ ၊ နှစ်ယောက်တည်းမို့
ငြိမ်ငြိမ်နေ။
မှောင်လို့ မီးထွန်း
ထိုအလင်းက…
သားရဲတွေကို၊ လာပါ…ဆိုပြီး
ဖိတ်ခေါ်သလို ဖြစ်တတ်တယ်။
လ၀န်းပြည့်လို့၊ ပျော်မွေ့မွေ့ပျော်
အချိန်ကျော်လျှင်…
ည…မှောင်မုဆိုး… လူတစ်မျိုးက၊
လရောင်ကိုကြိုက်၊ သူ့အခိုက်မို့
တောလိုက်ထွက်ဖို့၊ ပြင်လိမ့်မယ်။
ညမှာ…
ငြိမ်ဆိတ်၊ တိုးတိတ်တိတ်နေ၊
နေ့မှာ…သတိ
ပကတိ…အလင်း၊ ထိုတလင်းထဲ
ရဲရဲလမ်းလျှောက်၊ ခြေမပေါက်ဘူး…
(ဒါပေမဲ့)
နောက်ကို နည်းနည်း လှည့်ကြည့်လေ။
နေ့နေ့၊ ညည
လူ့ဘ၀မှာ…
ညပြောအောက်ကြည့်
ရှိသမို့လား၊ မင်း…စဉ်းစားပါ။
အဓမ္မ၇ှိတဲ့နေရာ… ဓမ္မမရှိ
ဓမ္မ၏နေရာ… အဓမ္မ၀င်မွှေ…
ငါတို့…ဘယ်လို၊ နေထိုင်ကြမလဲ။
လောက…ပင်လယ်ထဲ
လှေတစ်စီးတည်း၊ နှစ်ယောက်လှော်…
မင်းက လှေဦးမှာပျော် ၊ မမော်လေနဲ့။
ငါက ပဲ့ကိုင်ထိန်းမယ်
မယိမ်းတတ်လည်း…
လှေကမယိမ်း၊ လှိုင်းကယိမ်းလျှင်…
နှစ်ယောက်လှေထဲ၊ ရေမွဲကျော်ဝင်
မပျော်ရွှင်ဘူး။
လှေမှန်ရင်… လှိုင်းနဲ့တွေ့
လှိုင်းငြိမ်းတော့… လှေမော
ရေမျှောကမ်းတင်၊ မဖြစ်ချင်ရင်တော့…
မောနေတဲ့လှေပဲ၊ ဖြစ်ပါရစေ
မျောနေတဲ့လှေတော့၊ မဖြစ်စေရပါဘူးကွယ်။
ရေငြိမ်မှာ၊ ၇ွှက်လွှင့်သူတွေလည်း…ရှိမယ်
လှိုင်းထဲမှာ၊ ၇ွှင်လွှင့်သူတွေလည်း…ရှိမယ်
ဘာတွေ  ဘယ်လို…ရှိရှိ
သတိနဲ့…လှော်၊ သတိနဲ့…ပျော်ရင်
ပင်လယ်ဆိုတာ၊ လှေရဲ့အောက်တည့်တည့် မှာသာ၊
ရှိရစမြဲပါ။
အဆိုးအကောင်းကြားမှာ
အကျိုးအကြောင်း၊ အမှားတွေနဲ့
အကျိုးလိုပြီး… ညောင်ရေလောင်းသလို၊
အဟောင်းအမြင် စကားတွေနဲ့၊
လိုလားရင်၊ သတင်း…မွှေး
မလိုလားရင်း၊ အတင်းဖြစ်
ပတ်ဝန်းကျင် အညစ်အကြေးက
မစစ်ဆေးဘဲ၊ ပေးတတ်တဲ့
အဲ့ဒါ…
ခေတ်သစ်  ခါချဉ်ကောင်လေးတွေပေါ့ကွယ်။
တစ်ယောက်အပေါ် တစ်ယောက်…ယုံ
ငုံထားမတတ်၊ ဘယ်လောက်…ချစ်ချစ်၊
လောကမြစ်ကျဉ်းထဲမှာ…
ချစ်ရင်းနဲ့၊ နစ်နစ်သွားတဲ့၊
သံယောဇဉ် အချစ်လှေငယ်လေးတွေ…
အများကြီး…ရှိခဲ့ဖူးတယ်  ချစ်သူငယ်။
ပင်လင်က… အကျယ်ကြီး
လှေကလေးက  သေးသေးလေး
တွေးကြည့်ရင် ကြောက်စရာ၊
လှေလှော်သူ၊ နှစ်ယောက်စည်းလုံးပါလျှက်
တခြားရေယာဉ်တွေရဲ့…
ဖြစ်မောင်းသွားတဲ့… လှိုင်း ကြောင့်
လှေကလေးမှာ လွင့်လွင့်…လူး
မင်း…ဖြစ်ဖူးခဲ့မယ် ထင်ပါတယ်။
ကမ်းကပ်တဲ့အထိ
သတိနဲ့သာ လှော်ပါကွယ်။
ဘ၀ဆိုတာ
ပြိုင်ပွဲမဟုတ်ပေမဲ့၊
မယိုင်လဲမှ… ပြိုင်ရဲကြသူတွေ…
နစ်မြုပ်မှ… ငုတ်တုတ်ထထိုင်သူတွေ…
ငိုးကြွေးမှ… တေးဆိုကြသူတွေ…
ကွဲသွားမှ…အမြဲအားရကြသူတွေ..
တစ်နေရာရာမှာ… ရှိနေတတ်ပေတယ်။
ဥယျာဉ်မှူးက…
ပန်း…ဘယ်လောက်…ပျိုးပျိုး
ပန်းသူခိုးကတော့…
ပန်းချိုးမှာပါပဲကွယ်။
ဖြစ်ပြီးရင် ပျက်တတ်တဲ့
အနိစ္စတရားကြားမှာ…
မဖြစ်ခင်က… ၀င်ဝင်ဖျက်တတ်တဲ့
ကိစ္စအမှားများက
တစ်ခါတစ်ရံ ပိုဝင့်ထယ်…
(အသိတရား၊ နည်းပါးလို့ကတော့)
အားကြီးမှုကို အမှန်ထက်ပြီး၊
အပျံမသင်ခင် အတောင်ကျိုး
ရေလယ်မှာ ရွာလည်သွားရတဲ့ အဖြစ်ဆိုးမျိုး…
ဘယ်သူတွေ
ဘယ်လောက်တိုးပြီးပြီးလို့ …ထင်သလဲ။
(အိမ်သာမှ ဧည့်လာ…သတဲ့)
သာတဲ့အချိန်လာတဲ့… ဧည့်သည်
သစ်ပင်ကောင်းမှ…နားတဲ့…ဌက်
ရွှေရှိမှ…တော်တဲ့အမျိုး…အားလုံးကို
မင်း…
ဘယ်တန်ခိုးနဲ့ ၀င်တိုးမလဲ…ချစ်သူ။
သစ်ကိုင်းခြောက်မှာ…လာနားနေ
မသာယာချိန်မှ…၀င်သည့်ပိုး
ခင်ရာကို…ဆွေမျိုးအဖြစ်နဲ့
ချစ်တတ်တဲ့ လူတချို့
မင်းတို့ ငါတို့ အနားမှာ…
ဘယ်နှယောက်ရှိနိုင်မလဲ။
ဘယ်နှယောက်ရှိနိုင်မလဲ။
ဘယ်နှယောက်ရှိခဲ့သလဲ။

ချစ်နေကြရင်ပြီးတာပဲ…လို့
မထင်ပါနဲ့ကွယ်။
အချစ်တစ်ခုတည်းနဲ့
ကမ္ဘာတည်လို့…ရရင်၊
စစ် … ဆိုတာ
ဘယ်… ရှိပါ့မလဲ။
အဓမ္မကို အနိုင်တိုင်ဖို့
ဓမ္မကလည်း စစ်တိုက်တယ်။
လူမိုက်ကို အနိုင်တိုက်ဖို့
ပညာ၇ှိလည်း  စစ်တိုက်တယ်
ခွင့်လွှတ်ခြင်းနဲ့ တိုက်တဲ့…စစ်
စွန့်လွှတ်ခြင်းနဲ့တိုက်တဲ့…စစ်
သည်းခံရင်းနဲ့ တိုက်တဲ့…စစ်
မီးလျှံပြင်းနဲ့ တိုက်တဲ့…စစ်
အမှားနဲ့ အမှန်နဲ့ တိုက်တဲ့…စစ်
အမှန်အမှန်ချင်း တိုက်တဲ့…စစ်
စစ်အမျိုးမျိုး၊ ဤအဆိုးကို လွှမ်းမိုးနိုင်လို့လဲ။
အချစ်နဲ့ မေတ္တာ၊ စစ်ကို လွှမ်းမိုးနိုင်ရင်
ကမ္ဘာကြီး၊ ငြိမ်းချမ်းပြီ။

သတိဖွေရှာ၊ စစ်တမ်းကောက်ရင်
ကိလေသာ အချစ်လမ်းတလျှောက်မှာ
ပန်းပေါက်ပေါက်ကျဲကျဲ၊ ကြယ်ရောင် ၀ဲ…ပျံ
လရောင်လျှံတက်၊ စမ်းရေ…ငြိမ့်ညောင်း
တေးပေါင်းစေ…ရ၊ နေဒဏ်…မခံ
လှိုင်းဒဏ်…မရှိ
ပကတိ ဖြောင့်ဖြူးတယ်ဆိုတာ၊ မရှိနိုင်တဲ့အကြောင်း…၊
ငြောင့်မဆူးဘူးတဲ့၊ …မင်း
သိချင်မှသိမယ်၊ သိချင်လည်းသိမယ်။
ဆူး…စူးဖူးသူဟာ ၊ လမ်းလျှောက်ရင်
သတိမလွန်တော့သလို၊
လှိုင်းအပုတ်ခံရတဲ့…လှေဟာ
ပင်လယ်ရဲ့…လေ၊ မုန်းတိုင်းအခြေကို
သေသေချာချာ သတိထား
(ရာသီဆိုးကို ရင်ဆိုင်ဖို့)
အဆင်သင့်ပြင်ထားရသလို
ဘ၀ပင်လယ်ပြင်မှာ
ငါ့ရင်ခွင်ကို၊ သခင်မှတ်
ငါ့အိမ်မက်ကို၊ အတူမက်
ငါ့အသက်ကို၊ အတူချစ်
ငါ့အပြစ်ကို၊ အတူ… ပိုက်ထွေး
ငါ့အတွေးကို အရောင်တင်
ငါ့အဟောင်းကို၊ ပြောင်အောင်…တိုက်
ငါ့အမိုက်ကို၊ တမင်ကြိုက်ပြီး…
ငါ့အရှိုက်ကိုဒူးနဲ့၊ တိုက်ချင်တိုက်ပါ။
ကောင်းကင်ကိုတော့၊ ဘာနဲ့မှ မတိုက်လေနဲ့
လောကကိုလည်း၊ ခါးစောင်းမတင်မိစေနဲ့။
လောကလူ့ရွာ၊ သူ့…မာယာက
ဘုရင်ကြီးလည်း… ရူးတတ်တယ်။
သခင်ကြီးလည်း  ခုံးတတ်တယ်။
သူကြွယ်ကြီးလည်း… ဆင်းရဲမယ်။
ဥဒေါင်းမင်းညွှတ်ကွင်းမိတဲ့…ကိစ္စ
ကိန္နရီချောင်းခြားတဲ့…အဖြစ်ဆိုး
သိဝိရာဇ်မင်းကြီး၊ ရူးသွားရတဲ့…အချစ်မျိုး…တွေမှာ၊
သစ္စာအမြင်နဲ့ ပြောရရင်
ချစ်တာ…ချစ်တာ…ချစ်တာတွေရဲ့၊အပြင်အပမှာ၊ဒုက္ခဆိုတာ
ရှိနေတတ်တယ်… ဆိုတဲ့
ဆင်းရဲခြင်းသဘောမျှသာပဲ။
ပျော်နေသူရဲ့…ဒုက္ခ၊ မော်နေသူရဲ့…ဒုက္ခ
မွေ့နေသူရဲ့…ဒုက္ခ၊ မေ့နေသူရဲ့…ဒုက္ခ
ဆင်းရဲသူရဲ့…ဒုက္ခ၊ သင်းကွဲသူရဲ့…ဒုက္ခ
လိုချင်သူရဲ့…ဒုက္ခ၊ ငြိုငြင်သူရဲ့…ဒုက္ခ၊
အဲ့ဒီ… ဒုက္ခများစွာဟာ…
သိသိသာသာ လာတတ်သလို
မသိသလိုလိုနဲ့… အပြုတ်တိုက်
မရှိသလိုလိုနဲ့…အပူပေး
မထိသလိုလိုနဲ့…လုံးပါးပါး၊
နှလုံးသား ဖားလျားကျတော့မှ
ငိုပွဲဆင်နွှဲ၊ ရင်ကွဲ…ခါးကော့
အားလျှော့…ပြိုင်ယိုင်…
မထူနိုင်  မထနိုင်နဲ့၊
ဘ၀ ဒုက္ခ သဘာဝများကို
သတိမပွား… မေ့လျော့ထားရင်…
ရူးသွားတာပဲ အဖတ်တင်မယ်။
ချစ်ပါ…
အဲ့ဒီ အချစ်ထဲမှာ၊ မနစ်စေနဲ့
ဒေါင်းတို့ရဲ့ ၊ လှပတဲ့ အဆင်းဟာ
သူ့အတွက် ကြောက်စရာ
အန္တရာယ်လည်း၊ ဖြစ်တတ်တယ်
မိန်းမတို့ရဲ့ ၊ အလှရုပ်အဆင်းဟာ
အန္တရာယ်ကို
ဖိတ်ခေါ်သလို ဖြစ်တတ်တယ်။
ဘေးကို၊ မကြည့်ရင်
ဘေးရှိတာ မသိနိုင်
ဘေးကိုကြည့်ရင်လည်း၊ သတိအားနည်း
ကိုယ့်ကိုယ်ကိုယ်လည်း၊ မမြင်နိုင်
မင်းလည်း… သိပါတယ်
သတိဆိုတာ၊ ပိုတယ်မရှိ။
(လွတ်လပ်သော
သင်၏ အချိန်နာရီများကို
မည်သူမျှ၊ မနှောင်ဖွဲ့ပါစေနှင့်)
တစ်ယောက်ယောက်ကို၊ စိတ်ဆိုးနေရင်
အဲ့ဒီ တစ်ယောက်ယောက်က
ကိုယ့်ရဲ့… စိတ်
ကိုယ့်ရဲ့… အချိန်
ကိုယ့်ရဲ့… နှလုံးအိမ်ကို
နှောင်ဖွဲ့ချိုးနှိမ်နေတာနဲ့ အတူတူပါပဲ။
ကြိတ်မှိတ်ခံစားရတာ
(ပုထုဇဉ်)သဘာဝတရားဆိုပေမဲ့
စိတ်ထဲမှာ… ဘာမှ မထားမှ
မင်းရဲ့… စိတ် ၊ မင်းရဲ့… အချိန်
မင်းရဲ့… နှလုံးအိမ်ဟာ…
(စည်းစိမ်လွန်မြောက်)
ငြိမ်သက်ခြင်းကို ရောက်လိမ့်မယ်။
အမှိုက်ထည့်ရင်၊ အမှိုက်ခွက်
ပြာထည့်ရင်၊ ပြာခွက်
ခွက်အခန်းထဲ၊ အခန့်ထဲမှာ
မထည့်သင့်တဲ့အရာ၊ ဘာမှမထည့်ထားသလို
ဘာမှ မရှိတဲ့ စိတ်နှလုံးထဲ
အသိဥာဏ် ဆွဲထည့်ထား
အသိဈာန်ကို၊ အမြဲထည့်ပွါးရင်း…
အင်အားနည်းတဲ့၊ တို့…လှေငယ်လေး
ပင်လယ်ထဲမှာ
အေးအေးဆေးဆေး ငြိမ့်ငြိမ့်လေး။
လှေလူးရင် လက်နဲ့ကိုင်
လှေမှောက်ရင် လက်နဲ့ကူး၊
ကောင်းကင်ကို ဒူးနဲ့မတိုက်နိုင်ပေမဲ့
ပင်လယ်ပြင်ကိုတော့…
တို့…
ဘယ်တော့မှ ဦးမခိုက်ဘူး။
လှိုင်းကြီးရင် လှေအောက်
ရောက်ကို ရောက်ရမယ်။
အချစ်ရင်ခွင် တစ်ထီးတစ်နန်း
မြစ်ပင်လယ် ခရီးကြမ်းကို
ချွေးစက်… သွေးပွက်…မျက်ရည်စက်
ခြေလက်ဦးခေါင်း အင်အားအပေါင်းနဲ့
ထောင်းထောင်းကျေမွ
ကျော်ဖြတ်ကြပြီးတဲ့ အခါ…
အပြစ်ရှာသူတွေ ကျန်ရစ်
အချစ်ကဗျာ မဆန် အပူတွေကို၊ လွှမ်း…မိုး၊
သစ္စာအလံအဖြူကို၊ ကမ်းတက်…ထူ၊
ဘယ်သူ…၊
မကြည်ဖြူသည်ဖြစ်စေ…
သစ္စာကို ချေဖျက်ဖို့
မည်သည့်လက်နက်မှ မစွမ်းနိုင်၊
ဟော့ဒီ… အချစ်ခရီး…လမ်း
သတိနဲ့ သစ္စာ
မေတ္တာ နဲ့ တန်ခိုး…
အားကိုးဖြတ်သန်းခဲ့ကြရင်…၊
အချစ်လမ်းမှာ… ပန်းတိုင်းပွင့်
အချစ်နန်းမှာ… ပန်းတိုင်းမွှေး
စမ်းတိုင်းအေး
ရေတိုင်းကြည်။
လှိုင်းဆိုတာ… ပန်းချီးကားတစ်ချပ်
တံတိုင်းဆိုတာ… ဂီတတစ်ပုဒ်
မျက်ရည်ဆိုတာ… ရေကြည်တစ်ပေါက်
ချွေးဆိုတာ… ကဗျာတစ်ပုဒ်
အမှောင်ဆိုတာ… ပုံပြင်တစ်သွယ်
ဆူးဆိုတာ… ပန်းပွင့်တစ်ပွင့်
အဆင်သင့်စံ၊ ပင်မြင့်ယံမှာ…
ဟန်ပန်မများ၊ မာန်မပွားဘဲ…
ပြန်ကြားပြောပြ…၊ မမောကြပြီ။
အို…
အသင်လောက…
အချစ်ခရီးလမ်းတိုင်း
ဖြောင့်ဖြူးပါစေသတည်း…
သာယာပါစေသတည်း…

မဖြောင့်မဖြူး
ဆူးခင်းတဲ့…လမ်း၊ မုန်တိုင်းကြမ်းလည်း…
ကမ်းအဆုံးမှာ…
ပန်းကုံးတွေ…သီ၊ ပန်းပန်းချီရေး
ပန်းပွင့်လေးတွေ…
မွှေးထုံပါစေသတည်း…
မွှေးမြပါစေသတည်း…
 တို့…ချစ်သူအားလုံး
အေးမြပါစေ…ခရီး…။

                     
    မောင်လှမျိုး(ချင်းချောင်းခြံ)

No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *