ရက်တွေ လတွေ အလီလီပြောင်းလာခဲ့ပေမယ့် သူမကို ကျွန်တော်ချစ်နေဆဲ
ဖြစ်ပါသည်။ သူမကလည်း ကျွန်တော့်ကို ချစ်နေဆဲ ဖြစ်သည်။ ကျွန်တော်တို့သည်
သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်ပါသည်။
(၁)
သူမကို ကျွန်တော်ခဏခဏ မေးဖြစ်ခဲ့တဲ့ စကားလေး ရှိပါသည်။
`ငယ်.. မောင့်ကို ဘယ်တုန်းက ချစ်ခဲ့တာလဲ` လို့ပါ။ အဲဒီအခါ သူမက မျက်စောင်းလှလှလေးထိုးလို့...
`မောင်.. ငယ့်ကို သတိမထားခင်ကတည်းက ချစ်ခဲ့တာပါ` လို့ ဂုဏ်ယူစွာဖြေပေမယ့် ကျွန်တော်ကလည်း
`ဟားဟား... လူညာမလေး... ငယ်သာ မောင့်ကို မသိခင်ကတည်းက မောင်က ချစ်နေရသူပါကွယ်... ` လို့ အနိုင်မခံအရှုံးမပေး ပြန်ပြောတတ်ပါသည်။
တကယ်တော့ သူမနှင့်ကျွန်တော်ဟာ အင်္ဂလိပ်စာ သင်တန်းတစ်ခုမှာ တွေ့ဖူးခဲ့တာ
ဖြစ်သည်။ ရန်ကုန်မြို့လယ် နာမည်ကြီး အင်္ဂလိပ်စာသင်တန်းတစ်ခုမှာ ကျွန်တော်ဟာ
IELTS အတန်းကို ၀င်တက်ဖြစ်ခဲ့သည်။ စားပွဲဝိုင်းလေးတွေမှာ သင်တန်းသားတွေ
မျှထိုင်ရတဲ့ စာသင်ခန်းပုံစံအရ ကျွန်တော်ထိုင်လိုက်မိတဲ့ နေရာဟာ
တံခါးပေါက်ကို မျက်နှာမူနေတဲ့ နေရာလေးဖြစ်နေတာက သူမကို စတွေ့ဖို့ဖန်လာသလား
မပြောတတ်ပါ။ အဲဒီတုန်းက ဆရာက စာသင်နေပြီမို့ ဆရာ့အသံကလွှဲလို့ ဘာသံမှ
မကြားရပဲ ငြိမ်သက်နေစဉ်မှာ တံခါးတစ်ချပ် လှစ်ဟသွားပြီးတဲ့နောက်
ဝင်ရောက်လာသူက သူမပါ..။ ဖြတ်ကနဲ လှည့်ကြည့်မိလိုက်တဲ့ ကျွန်တော့်မျက်ဝန်းဟာ
သူမထံမှာ ကပ်ပါသွားလားမသိပေမယ့် `ဒီခုန်မှာ လာထိုင်ပါစေ` လို့ ရင်ထဲမှာ
တိတ်တိတ်လေး ဆုတောင်းနေမိသည်။ ကျွန်တော်ထိုင်နေတဲ့ခုန်ကို ကျော်လို့
တခြားခုန်ကိုသွားထိုင်တဲ့ သူမကို ခဏခဏငေးကြည့်နေမိခဲ့တာ အချစ်လို့
နာမည်တပ်လို့ ရမရ ကျွန်တော်တကယ် နားမလည်ခဲ့ပါ..။
(၂)
`မောင်ရယ်... သင်တန်းပြီးသွားတဲ့အချိန်တိုင်း ဘိုကလေးဈေးလမ်းကနေ
လမ်းလျှောက်သွားတဲ့ မောင့်နောက်မှာ ငယ်အမြဲရှိနေတာ မောင်မှ မသိတာ..။
အဲဒီတုန်းက ဘယ်က ရည်းစားတွေနဲ့ စကားပြောနေမှန်းမသိဘူး.. ဖုန်းတစ်လုံးနဲ့
ရယ်ရယ်မောမောနဲ့ မောင့်ကို နောက်ကနေ ငေးပြီး ပါလာတာ မောင်မသိဘူးမလား..`
သူမ ကျွန်တော့်ကို အမြဲပြန်ပြောနေကျ စကားလုံးတွေပါ..။ အဲဒီတုန်းက
သင်တန်းပြီးသွားတိုင်း ရှမ်းခေါက်ဆွဲဝင်စားရင်စား၊ မစားရင်လည်း ၄၈ ကားနဲ့
အမေရိကန်စင်တာကိုသွားပြီး စာဖတ်လေ့ရှိတာမို့ အမြဲတမ်း
ဘိုကလေးဈေးကားမှတ်တိုင်မှာ ကားစောင့်နေလေ့ရှိပါသည်။ ကျွန်တော့်နောက်မှာ
သူမလည်း အတူတူကားလာစောင့်လေ့ရှိတာကိုတော့ ကျွန်တော်မသိခဲ့တော့ အရိုးသားဆုံး
ဝန်ခံမိပါသည်။ ပြီးတော့ သူမပြောလေ့ရှိတဲ့ `ဘယ်ကရည်းစားနဲ့
ပြောနေမှန်းမသိဘူး` ဆိုတဲ့ စကားလုံးတွေကို ကြားလိုက်ရတိုင်း
ကျွန်တော့်ရင်ထဲ ၀မ်းနည်းသွားမိသည်။
သူမပြောခဲ့တဲ့အတိုင်း ကျွန်တော်ဟာ တကယ်ပဲ ကျွန်တော့်ပထမရည်းစားနဲ့
ဖုန်းပြောနေခဲ့တာပါ။ သူမဟာ ကျွန်တော့်ရဲ့ အချစ်ဦးမဖြစ်ခဲ့တာကို
တွေးမိတိုင်း စိတ်မကောင်းဖြစ်ခဲ့မိသည်။ ဒါပေမယ့် သူမပြောသလို
ရယ်ရယ်မောမောနဲ့ ပြောဆိုခဲ့တာတွေတော့ မှန်နိုင်ပါ့မလားလို့
တပ်အပ်မပြောနိုင်တာတော့ သေချာပါသည်။ ရည်းစားဦးရဲ့ ထေ့လုံးတွေ၊
အငေါ်တူးမှုတွေ၊ စိတ်ကောက်မှုတွေ၊ နားလည်မပေးနိုင်မှုတွေကြားမှာ
လုံးချာလည်လိုက်နေရင်း ဖြေရှင်းချက်ပေးနေရတဲ့ ကျွန်တော့်အဖြစ်ကို သူမတကယ်ပဲ
နားလည်ပါ့မလား..။ `ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ`ဆိုတဲ့အတိုင်း
ရည်းစားဦးရဲ့ စိတ်ကောက်တာတွေကို ရယ်မောပြီး လိုက်ချော့နေတဲ့ ကျွန်တော့်ကို
ချစ်သူနဲ့ပြောရင် ပြုံးနေတာပဲလို့ သူမဆိုလာလေတိုင်း ကျွန်တော့်မှာ
ပြောစရာစကား မဲ့လို့နေသည်။
`အမယ်... မောင့်ကိုသာ ပြောနေတယ်..။ သူကျတော့ ရည်းစားမရှိတာကျနေတာပဲကွယ်...`
အဲဒီလို ကျွန်တော်ပြောလိုက်မိရင် သူမငြိမ်သွားတတ်သည်။ ပြီးတော့ လေးလေးနက်နက်တွေးပြီး
`မောင်... ငယ်တို့ တရားရဲ့လားဟင်....`
လို့ မေးတတ်ပါသည်။ တကယ်တမ်း သူမနှင့် ကျွန်တော် ချစ်မိခဲ့ကြတဲ့ အချိန်မှာ ကိုယ်စီကိုယ်စီ ရည်းစားတွေ ရှိနေကြဆဲဖြစ်သည်။
(၃)
သင်တန်းရက်တွေ ပြီးဆုံးသွားတော့ တော်တော်ကြသည်အထိ သူမနှင့်
ကျွန်တော်မတွေ့ဆုံဖြစ်ခဲ့ပါ။ သင်တန်းရက်တွေအတွင်း
မျက်မှန်းတန်းမိရုံလောက်သာ ရှိခဲ့ပြီး စကားတောင်မပြောဖြစ်ခဲ့ပါ။ တကယ်တမ်း
သူမနဲ့ ပြန်ဆုံခဲ့ရတဲ့အချိန်က ခြင်္သေ့ကျွန်းလေးမှာဖြစ်သည်။
အဲဒီတုန်းက ကျွန်တော်က နိုင်ငံခြားလေကြောင်းလိုင်းတစ်ခုရဲ့ Cabin Attendant
ဖြစ်ဖို့ On-Job training အဖြစ် စင်္ကပူမှာ
သင်တန်းသားအဖြစ်ရှိနေတဲ့အချိန်..။ သူမကလည်း A level ဖြေဖို့ ကျောင်းလာတက်
နေတဲ့အချိန်..။ စားသောက်ဆိုင်လေးရဲ့ ထောင့်တစ်နေရာမှာ သူမနှင့်
ကျွန်တော်ပြန်ဆုံခဲ့သည်။ ထမင်းစားရင်း ရုတ်တရက်မြင်လိုက်ရတာမို့ သူမနှင့်
ကျွန်တော် တစ်ယောက်ကို တစ်ယောက် ဘာပြောရမှန်းမသိပဲ
အူကြောင်ကြောင်ဖြစ်နေခဲ့ကြသည်။
ပြောရရင်တော့ တစ်ယောက်နာမည်ကို တစ်ယောက် အဲဒီတော့မှ သိကြရသည်။ တစ်ယောက်နဲ့
တစ်ယောက် အဲဒီတော့မှ မိတ်ဆက်ဖြစ်ခဲ့ကြသည်။ အဖော်မပါပဲ တစ်ယောက်တည်း
လာစားတဲ့ ကျွန်တော်နဲ့ သူမတို့ သူငယ်ချင်းတွေလို တခဏချင်း
ရင်းနှီးသွားခဲ့ကြသည်။ ဟဒယဥာဏ်ရွှင်တဲ့ ကျွန်တော်နဲ့ ရိုးသားပွင့်လင်းတဲ့
သူမတို့ စကားတွေ တသီကြီးဖောင်ဖွဲ့ခဲ့ကြသည်။ ဒီလိုနဲ့ သူမဟာ ကျွန်တော့်ရဲ့
ရင်ဖွင့်ရာ၊ ကျွန်တော်ဟာ သူမရဲ့ ရင်ဖွင့်ရာနေရာလေးတွေ ဖြစ်လာခဲ့ကြသည်။
(၄)
`ချစ်သူတွေဟာ အနေဝေးသွားရင် သွေးအေးသွားတတ်တယ်လား.... `
ဝဲနေတဲ့ မျက်ရည်ကြားမှာ ကျွန်တော်တိုးတိုးလေး ရွတ်လိုက်မိသည်။
ကျွန်တော့်ရင်ဘတ်တစ်ခုလုံး ကြေမွသလို ခံစားနေရသည်။ စင်္ကပူဆိုတဲ့နေရာလေးကို
ရောက်လာခဲ့တာ ခြောက်လတောင်မပြည့်သေးပေမယ့် ရည်းစားဦးရဲ့ စကားလုံးတွေဟာ
စိမ်းကားမှုတို့နဲ့ ပြည့်နေခဲ့ပြီ။ စိတ်အားငယ်တတ်လွန်းတဲ့ ရည်းစားဦးကို
နားလည်လွန်းတာမို့ သည်းခံခွင့်လွှတ်ဖို့ အမျိုးမျိုးကြိုးစားခဲ့သည်။
ဒါပေမယ့် ရည်းစားဦးရဲ့ ခြေရာတွေကို နောက်ယောင်ခံလိုက်ကြည့်မိရင်း နားခိုရာ
ရင်ခွင်သစ်ကို ရှာဖွေနေတာ မြင်လာရတဲ့အခါမှာတော့ ကျွန်တော်ရူးမတတ်
ခံစားရသည်။
`ငါက ချတ်ထဲမှာပဲ ပြောတာ..။ အပြင်မှာ ဖောက်ပြန်နေလား ပြော`
ဆိုတဲ့ ရည်းစားဦးရဲ့ ပစ်စလတ်ခတ်စကားလုံးတွေကို ဘာနဲ့မှ မတုန့်ပြန်နိုင်ပဲ
အံ့အားသင့်ခဲ့မိသည်။ ညတွေမှာ ဆက်တိုက်မအိပ်နိုင်ပဲ
ယောင်တောင်တောင်ဖြစ်ခဲ့ရသည်။ ကျွန်တော်ပေါက်ကွဲမိတိုင်း၊ ငိုကြွေးမိတိုင်း
သူမပုခုံးလေးပေါ်မှာ ကျွန်တော်မှီအုံးခဲ့သည်။ သူမရဲ့ နွေးထွေးတဲ့
စကားလုံးတွေကြားမှာ ကျွန်တော့်မျက်ရည်တွေ ခန်းခြောက်ခဲ့ရသည်။ နာကျင်နေတဲ့
ရင်အစုံကို အချိန်နဲ့ ကုစားဖို့ ဖေးမတဲ့ စကားလုံးတွေကို
ကျွန်တော်နားထောင်ခဲ့သည်။ သူမသည် ကျွန်တော့်ရဲ့ သူရဲကောင်းတစ်ဦး
ဖြစ်ခဲ့ပါသည်။
(၅)
အချိန်တွေဟာ ကုန်ဆုံးသွားတာနဲ့အမျှ သူမနဲ့ ကျွန်တော်ဟာ ပိုပြီးညှိတွယ်လာခဲ့မိသည်။
`သူ ဖြတ်စာပို့လာတယ်...`
သူမရဲ့ စကားအဆုံးမှာ ကျွန်တော်အံသြသွားမိသည်။ သူမကို ဘာမှ မခံစားစေချင်...။
သူမနာကျင်မှာကို ကျွန်တော်မကြည့်ရက်...။ သူမချစ်သူနဲ့ ပျော်ရွှင်နေတာကိုပဲ
မြင်ချင်နေမိတဲ့ ကျွန်တော် အခုတော့ ကျွန်တော်ဖြစ်စေချင်တာတွေရဲ့
ပြောင်းပြန်အတိုင်းဖြစ်လာခဲ့ပြီ။
`အချစ်ဆိုတာကို နီးစပ်မှုနဲ့ပဲ တိုင်းတာတတ်ကြတဲ့သူတွေကို တသက်လုံးစာ လက်မတွဲဖြစ်လိုက်တာ ကံကောင်းပါတယ်..`
မျက်ရည်မကျအောင်ထိန်းပြီး ပြောနေပေမယ့် သူမအသံတို့က တုန်ရီလွန်းနေသည်။
မျက်ရည်တွေက ထိန်းထားတဲ့ကြားက အပေါက်လိုက်ကျလာတဲ့အခါမှာတော့ သူမလက်ကို
ကျွန်တော်တင်းတင်း ဆုပ်ကိုင်ထားလိုက်မိသည်။ ပြီးတော့
ကျွန်တော့်ပုခုံးလေးပေါ် သူမခေါင်းလေးကိုဆွဲတင်ထားပြီး တင်းတင်းလေး
ဖက်ထားလိုက်မိသည်။
(၆)
ဘ၀ဆိုတာ ထင်ထားတာထက် ရှုပ်ထွေးလွန်းပါသည်။
ကျွန်တော်ကိုယ်တိုင်က အရမ်းချစ်တတ်သည်။ သူများတွေ ပြောနေတတ်တဲ့
`အချစ်ကြီးရင် အမျက်ကြီးတတ်` တဲ့သူထဲမှာလည်း ကျွန်တော်မပါဝင်ခဲ့။
ရည်းစားဦးကို သိပ်ချစ်ခဲ့ပေမယ့် ကျွန်တော့်ရင်ခွင်ကို
စွန့်ခွာလိုတဲ့သူ့ကို လွတ်လပ်စွာ ထွက်သွားခွင့်ပေးလိုက်မိသည်။ ဒါပေမယ့်
ချစ်သူတွေအဖြစ်ကနေ ပြတ်ဆဲပြီဆိုတဲ့စကားကိုလည်း ကျွန်တော်လုံးဝ မပြောခဲ့..။
အဆက်အသွယ်တွေကို တိကနဲဖြတ်တောက်ရင်း ကိုယ့်စိတ်ကိုယ်ကို တည်ငြိမ်အောင်သာ
ကြိုးစားနေခဲ့မိသည်။
ချစ်သူမဟုတ်တော့တဲ့အခါ မုန်းသူတွေဖြစ်သွားတတ်ကြပေမယ့် ကျွန်တော်က
မုန်းသူအဖြစ်လည်း မသတ်မှတ်ခဲ့..။ ရန်ကုန်ကို တခါတခါပြန်သွားတိုင်း
ရည်းစားဦးရဲ့ ပျော့ပျောင်းနွေးထွေးတဲ့ ဆက်ဆံမှုကိုလည်း ကျွန်တော်မမှုတော့..။
တနည်းအားဖြင့် ကျွန်တော်မယုံကြည်တော့..။
`နင်.. တကယ်ပြောင်းလဲသွားခဲ့ပြီ.. `
ဆိုတဲ့ ရည်းစားဦးရဲ့ စကားလုံးဟာ ချစ်သူအဖြစ်မှ ပြတ်ဆဲခြင်းဆိုတဲ့ စကားလုံးထက် ပိုမိုခိုင်မာနေလိမ့်မယ်လို့ ကျွန်တော်ယုံကြည်မိသည်။
သူမ.. သူမဟာလည်းပဲ စိမ်းစိမ်းကားကား အဖြတ်ခံရပြီးတဲ့နောက်မှာ သူမရည်းစားရဲ့
`မမေ့နိုင်လို့ပါ` ဆိုတဲ့ တောင်းပန်တိုးလျှိုးသံတွေကို လျစ်လျူရှုနိုင်ခဲ့သည်။
ကျွန်တော့်အတွက် သူမရှိရင် ပြည့်စုံနေသလို သူမအတွက် ကျွန်တော်ရှိနေရင် ပြည့်စုံနေခဲ့ပါပြီ..။ ဒါကြောင့်လည်း
`မောင်... ငယ်တို့ တရားရဲ့လားဟင်..` ဆိုတဲ့ မေးခွန်းတွေအဆုံးမှာ သူမနဲ့ကျွန်တော် အမြဲတိတ်ဆိတ်သွားရတတ်သည်။
(၇)
`နှလုံးသားလမ်းကြောင်းမှာ ကျွန်းတွေချည်းပဲ`
ငယ်ငယ်ကတည်းက အပြောခံခဲ့ရတဲ့ စကားလုံးတွေပါ..။ အသက်ကြီးလာရင်
လက္ခဏာပြောင်းသွားပေမယ့် ကျွန်တော့်နှလုံးသားလမ်းကြောင်းကတော့
ဒီအတိုင်းရှိနေဆဲပါ..။
သူမနဲ့ ကျွန်တော် ချစ်သူသက်တမ်းတလျှောက်မှာ ကြီးကြီးမားမား တစ်ခါမှ
ရန်မဖြစ်ဖူးခဲ့ပါ။ သ၀န်တိုပြီး နားလည်မပေးနိုင်တဲ့ ကိစ္စတွေလည်း တခါမှ
မဖြစ်ဖူးခဲ့ပါ။ သူမကို ကျွန်တော်တခါတခါ စိတ်တိုဖူးပါသည်။
အော်ငေါက်ဖူးပါသည်။ ဒါပေမယ့် မိနစ်ပိုင်းအတွင်းမှာပဲ သူမကို ချက်ချင်း
ကျွန်တော်ပြန်တောင်းပန်တတ်ခဲ့ပါသည်။ သူမလည်း ကျွန်တော့်ကို
စိတ်ကောက်ခဲ့ဖူးပါသည်။ စိတ်ဆိုးဖူးပါသည်။ ဒါပေမယ့် သိပ်မကြာခင်ပဲ
သူမကျွန်တော့်ကို တောင်းပန်လာခဲ့ပါသည်။
`မောင်မှားတာပါ.. ငယ်ရယ်...။ အမှန်ဆို မောင်က အကြီးပဲ..။
ငယ်မှားခဲ့ရင်တောင် မောင်က ခွင့်လွှတ်ရမှာပေါ့..။ မောင့်ကို
ခွင့်လွှတ်ပါနော်...`
ဒီလို တောင်းပန်ပြီးတဲ့နောက်မှ သူမနဲ့ကျွန်တော်ပိုပိုပြီး ချစ်လာခဲ့မိကြသည်။
ဒါပေမယ့် ကျွန်တော့်နှလုံးသားလမ်းကြောင်းမှာ ကျွန်းတွေချည်း ပြည့်လို့နေလေသည်။
(၈)
`ငယ်.. မောင် ထရိန်နင်ပြီးလို့ အရှေ့အာရှ နိုင်ငံတစ်နိုင်ငံမှာ အခြေပြုပြီး အလုပ်လုပ်ရတော့မယ်..... `
`မောင်.. ငယ်လေ... US မှာ တက္ကသိုလ်ဝင်ခွင့်ရပြီ.. အဲဒါ ငယ်သွားရတော့မယ်...`
ကျွန်တော်တို့ရဲ့ ကြမ်းတမ်းသောငရဲနေ့တွေဖြစ်ခဲ့ကြသည်။ ငယ်နဲ့ကျွန်တော် ခွဲခွာရတာတောင် အရှေ့နဲ့ အနောက်ဖြစ်လို့နေသည်။
`ငယ်... ဘာမှ အားမငယ်နဲ့..။ စာကိုပဲ ကြိုးစား.။ မောင်လည်း ဒီကြားထဲမှာ
ခိုင်မာတဲ့ဘ၀တစ်ခုကို တည်ဆောက်နိုင်အောင် ကြိုးစားမယ်..။
ငယ်ကျောင်းပြီးတဲ့အခါ အတူတူဘ၀တစ်ခု ထူထောင်ကြမယ်...`
သူမမျက်ဝန်းမှ မျက်ရည်တွေကို သုတ်ပေးပြီး အားပေးနှစ်သိမ့်မိသည်။
ကျွန်တော်ကိုယ်တိုင် တအားငိုချင်နေတာကို သူမမသိအောင်
ကြိတ်ပြီးထိန်းထားမိသည်။
`မောင်ရယ်.. ငယ့်ကျောင်းက ၄ နှစ်တောင်လေ...။ ဒီကြားထဲ မောင်နဲ့ခွဲနေရမှာပေါ့....`
`ဟင့်အင်း.. ဘယ်သူပြောလဲ.. ခွဲနေရမယ်လို့.။ ငယ်နဲ့မောင်က နှလုံးသားချင်း
တအားနီးနေတာ..။ ငယ်ရှိတဲ့နေရာကို မောင်လာခဲ့မယ်.... အားမငယ်ရဘူး..။
စာကြိုးစား.. ဘုရားတရားလုပ်... နော်...။ မောင် US ခရီးစဉ်တွေရှိရင်
ငယ့်ဆီအရင်ပြေးလာခဲ့မယ်.... အရမ်းချစ်တယ်.... `
အဲဒီနေ့က မိုးတွေက သည်းလို့...။ ကောင်းကင်ပြင်ကြီးတစ်ခုလုံး ကျွန်တော်တို့အတွက်များ ငိုကြွေးပေးနေသလားလို့တောင် ထင်ခဲ့မိသည်။
(၉)
သူမနဲ့.. ကျွန်တော်....
ကြားမှာ ကြိုးတွေသာရှိသည်။ Gtalk, Skype, Viber, Fring..... အသံတွေပဲ
ကြားရသည်။ တခါတခါ ရုပ်ပါမြင်ရသည်..။ သူမရဲ့ လက်ကလေးတွေကို
ကိုင်ခွင့်မရခဲ့..။ သူမရဲ့ ဆံနွယ်စလေးတွေကို နမ်းရှိုက်ခွင့်မရခဲ့..။ သူမ
ပင်ပန်းလာတိုင်း ရင်ခွင်ထဲ ထည့်သိပ်ခွင့်မရခဲ့...။
ဒီလိုနဲ့...
ဒီလိုနဲ့..
နှစ်တွေကြာလာခဲ့ပြီ...
တစ်နှစ်... နှစ်နှစ်.. သုံးနှစ်.....
သူမဟာ ကျွန်တော့်ရဲ့ ချစ်သူဖြစ်ပါသည်။ ကျွန်တော်ဟာလည်း သူမရဲ့ ချစ်သူဖြစ်ပါသည်။ ကျွန်တော်တို့ဟာ သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်ကြသည်။
လောကကြီးကတော့ ကျွန်တော်နဲ့သူမကြားက အချစ်တွေကို လောင်းကြေးထပ်
ကံစမ်းနေလေပြီ...။ ကျွန်တော်တို့လည်း ခိုင်မာတဲ့ချစ်ခြင်းမေတ္တာတွေနဲ့
တံတိုင်းလို ခုခံကာကွယ်နေဆဲဖြစ်ပါသည်။
ကံတရားနဲ့ လွန်ဆွဲပွဲမှာ.. ဘယ်သူတွေနိုင်သွားမလဲဆိုတာကိုတော့.. ဘယ်သူများ ကြိုသိနိုင်ပါ့မလဲလေ...။
လက်ရာ .နေ၀သန်
No comments:
Post a Comment
မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။